
ယူကရိန်းရဲ့ တန်ပြန်တိုက်စစ် မအောင်မြင်ရတာ ဘယ်သူ့ကြောင့်လဲ
ရုရှားနဲ့ယူကရိန်းတို့ကြား စစ်ဖြစ်နေကြတာကိုတော့ အားလုံးအသိပဲဖြစ်မှာပါ။ ဒီစစ်မှာ ရုရှားရဲ့ကနဦးတိုက်စစ်ကို ယူကရိန်းတို့ အလူးအလဲခံရပါတယ်။
နောက်ပိုင်းမှာ ယူကရိန်းက ရုရှားအပေါ် တန်ပြန်တိုက်စစ် ဆင်နွှဲလာပေမယ့် ထင်သလောက်ခရီးမပေါက်ဘဲ အကျအရှုံး သာများခဲ့တာကို ထုတ်ပြန်ချက်တွေမှာ ကြည့်ရင်သိမှာပါ။
ယူကရိန်းရဲ့တန်ပြန်တိုက်စစ်အတွက် နောက်ကွယ်ကနေ ပြောင်ပြောင်တင်းတင်း ပါဝင်ကူညီပေးနေသူများထဲမှာ အမေရိကန်နဲ့ ဗြိတိန်တို့က ထိပ်ဆုံးကနေ ပါဝင်ပါတယ်။
အမေရိကန်နဲ့ဗြိတိန်တို့ဟာ ယူကရိန်းရဲ့ တန်ပြန်တိုက်စစ်အတွက် စစ်ရေးစီမံချက်သာမက ယူကရိန်းတောင်းသမျှ ယာဉ်များ အားလုံးကိုလည်း ထောက်ပံ့ပေးခဲ့တာပါ။
ယူကရိန်းဘက်ကတော့ သူ့ရဲ့တပ်ဖွဲ့တွေကို စစ်ကြောင်းကြီး သုံးကြောင်းခွဲပြီး တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်မှုဟာ အမေရိကန်နဲ့ဗြိတိန်တို့ လိုချင်တဲ့ပုံစံမဟုတ်ပါဘူး။
ပြောရမယ်ဆိုရင် အမေရိကန်ဘက်က စစ်ကြောင်းကြီး တစ်ကြောင်းတည်းနဲ့ စစ်ဆင်ရေးကို ထိထိရောက်ရောက်လုပ် စေချင်ပေမယ့် ယူကရိန်းဘက်က သဘောမတူခဲ့တာပါ။
“ယုံကြည်မှုရှိရှိနဲ့ စတင်ခဲ့တဲ့ တန်ပြန်တိုက်စစ်ဟာ မျှော်လင့်ထားတဲ့ ရလဒ်ထွက်ပေါ်လာခြင်း မရှိပါဘူး။ အဲဒီအစား အမေရိကန်နဲ့ ယူကရိန်းတို့ကြားမှာ ပွတ်တိုက်မှုတွေနဲ့ တစ်ဦးနဲ့တစ်ဦးအပြစ်ဖို့မှုတို့သာ ထွက်ပေါ်လာပါတယ်” လို့ Washington Post သတင်းဌာနက သူတို့ရဲ့ ထုတ်ပြန်ချက် အဆုံးသတ်မှာ ဖော်ပြထားပါတယ်။
Washington Post သတင်းဌာနမှ သတင်းထောက် ၁၀ ယောက်ကျော်က ယူကရိန်း၊ အမေရိကန်နဲ့ဗြိတိန်တို့မှ ထိပ်တန်းတာဝန်ရှိသူ အယောက် ၃၀ ကျော်ကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပြီးမှ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လာတာပါ။
ယူကရိန်းရဲ့တန်ပြန်တိုက်စစ်အတွက် အမေရိကန်ဘက်က စားပွဲတင်သဏ္ဌာန်တူ စစ်ကစားမှုကို ရှစ်ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့သလို ဂျာမနီဘက်ကလည်း အောင်မြင်နိုင်ခြေရှိတဲ့ အသေးစိတ်စီမံချက်ကို ရေးဆွဲပေးခဲ့ပါသေးတယ်။
အမေရိကန်ရဲ့ဆန္ဒကတော့ တန်ပြန်တိုက်စစ်ကို ဧပြီလလယ်ရောက်မှ စတင်စေချင်ပြီး ခရိုင်းမီးယားကို ဆက်သွယ်ထားတဲ့တံတားကို ဖြတ်တောက်မှုအတွက် ဦးစားပေးလုပ်ဆောင်ဖို့ ရည်မှန်းခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မာ့မေလီက ရုရှားရဲ့ နောက်ပိုင်းဌာနတွေဆီ အဖျက်အမှောင့်လုပ်မယ့်အဖွဲ့တွေ စေလွှတ်ပေးဖို့ ယူကရိန်းကိုအကြံပေးခဲ့တယ်လို့ဆိုပါတယ်။
သို့ပေမယ့်လည်း ဝါရှင်တန်နဲ့ကိယက်တို့ဟာ အချိန်တိုင်းမှာ မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ အချိန်ကိုက်ဆောင်ရွက်မှုတို့နဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ သဘောတူညီမှု မရခဲ့ပါဘူး။
ဥပမာအားဖြင့်ပြောရရင် အမေရိကန်က ယူကရိန်းတပ်ဖွဲ့တွေကို မယ်လီတိုပိုဆီ ဦးတည်ချီတက် တိုက်ခိုက်စေလိုပေမယ့်လည်း ယူကရိန်းဘက်က တခြားစစ်မျက်နှာကိုဖွင့်ပြီး တိုက်ခိုက်တာမျိုးဖြစ်ပါတယ်။
ယူကရိန်းက ကနဦးတုန်းက သံချပ်ကာ ယာဉ်အစီး ၁၀၀၀ ကျော်ကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ယူကရိန်းရဲ့ တောင်းဆိုမှုဟာ ဖြစ်နိုင်ဖွယ်ရာသိပ်မရှိဘူးလို့ ဆိုလာပါတယ်။
နောက်ဆုံးမှာတော့ အမေရိကန်ဟာ ယူကရိန်းတောင်းဆိုထားတဲ့အတိုင်း သံချပ်ကာယာဉ်အစီး ၁၅၀၀ ကို ပေးအပ်ထောက်ပံ့ခဲ့ပေမယ့် တချို့သံချပ်ကာယာဉ်တွေဟာ တိုက်ပွဲဝင်ဖို့အတွက် ဘယ်လိုမှ မသင့်တော်ဘူးလို့ ယူကရိန်းဘက်က ပြောလာပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ ယူကရိန်း အတွက် ၁၅၅ မီလီမီတာ ဗုံးသီးအမြောက်အမြားကို တောင်ကိုရီးယားကနေ တစ်ဆင့် ဝယ်ယူဖြည့်တင်း ပေးခဲ့ပါတယ်။
နောက်တစ်ခုဖြစ်တဲ့ F-16 တိုက်လေယာဉ်များ တောင်းဆိုမှုကိုတော့ အမေရိကန်ကငြင်းဆိုခဲ့ပြီး အဓိကအကြောင်းရင်းက ကုန်ကျစရိတ်နဲ့ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ရဲ့ ပစ်ချမှုကို အလွယ်တကူ ခံရနိုင်ခြေရှိတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။
အမေရိကန်ဟာ ယူကရိန်းတပ်မဟာ ကိုးခုကို NATO တပ်ဖွဲ့ရဲ့ စစ်ဆင်မှုနည်းလမ်းများ လေ့ကျင့်သင်ကြားပေးရုံသာမက စစ်လက်နက်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးခဲ့ပါသေးတယ်။
“ယူကရိန်းတို့ရဲ့ စီမံချက်အတိုင်း တိုက်မယ်ဆိုရင်တောင်မှ သူတို့မှာရှိတဲ့ အင်အားနဲ့ဖြစ်နိုင်ခြေရှိပါတယ်။ သူတို့အနေနဲ့ ရရှိမယ်လို့ အမေရိကန်ဘက်က ကတိပေးထားတဲ့စစ်လက်နက် ပစ္စည်းများကိုလည်း အချိန်မီ ရရှိခဲ့ပါတယ်”လို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
အမေရိကန်ဘက်က စစ်ဆင်ရေးကို ဧပြီလလယ်မှာ စတင်စေချင်ပေမယ့်လည်း ယူကရိန်းဘက်က ဇွန်လမှသာ စစ်ဆင်ရေးကို ဒယီးဒယိုင်ပုံစံနဲ့ စတင်ခဲ့တာပါ။ အဲဒီလို စတင်တဲ့ အခါမှာလည်း ယူကရိန်းတပ်ဖွဲ့များဟာ မိုင်းကွင်းများထဲရောက်ရှိပြီး ရုရှားအမြောက်တပ်ရဲ့ ချေမှုန်းမှုအောက်မှာ ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်ခဲ့ရပါတယ်။
“အမေရိကန်ထုတ် ဘရတ်လေတင့်၊ ဂျာမနီထုတ် လီယိုပါ့တင့်နဲ့ မိုင်းရှင်းယာဉ် အများအပြားဟာ စစ်မြေပြင်မှာ အမှိုက်တွေသဖွယ် မီးရှို့ဖျက်ဆီးခံလိုက်ရသလို သေဆုံးသူ၊ ဒဏ်ရာရရှိသူ အရေအတွက်တွေကြောင့်လည်း စိတ်ဓာတ်တွေ ကျဆင်းရပါတယ်” လို့ Washington Post သတင်းစာက မှတ်ချက်ပြု ရေးသားထားပါတယ်။
ဇွန်လ ၁၅ ရက်တုန်းက ဘရပ်ဆဲမြို့မှာ လုပ်တဲ့ဆွေးနွေးမှုဟာဆိုရင် စိတ်ပျက်ပြီး အားမလိုအားမရဖြစ်မှုများနဲ့ သောသော ညံခဲ့တာပါ။
စက်တင်ဘာလအရောက်မှာ ရာထူးပြုတ်သွားတဲ့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက အဲဒီအစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီးကို ဘာသတင်းစကား ပါးလိုက်လဲဆိုတော့ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ မိုင်းရှင်းပစ္စည်းတွေ အနက် ၅၀ ရာခိုင်နှုန်းက ပျက်စီးသွားပြီ ဆိုသတဲ့။
နောက်တစ်ချက်က အနောက်အုပ်စုအနေနဲ့ သံချပ်ကာယာဉ်များကိုသာ အားကိုးပြီး ရန်သူ့ရဲ့ ခံစစ်စည်းကိုထိုးဖောက်ဖို့ ကြိုးစားတာဟာ အလုပ်မဖြစ်ဘူးဆိုပြီး ယူကရိန်းကာကွယ်ရေးမှ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ယူကရိန်းတာဝန်ရှိသူ နောက်တစ်ဦးကတော့ စစ်ဆင်ရေးစီမံချက်ကို ပေါ့ပေါ့တန်တန်ရေးဆွဲမှု၊ ဒရုန်းအရေအတွက် နည်းပါးမှုနဲ့ တခြားနည်းပညာများ မရရှိမှုတို့ကြောင့်ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။
နောက်ဆုံးနိဂုံးချုပ် လိုက်မယ်ဆိုရင် စစ်ဆင်ရေးစီမံချက်က တခြားရလာတဲ့ ရလဒ်ကတလွဲဖြစ်ပြီး ယူကရိန်းတို့ရဲ့စိတ် ဓာတ်သည်လည်း တဖြည်းဖြည်း ညှိုးငယ်ကျဆင်းလာကာ အခြေအနေအားလုံးက မရေရာလှတဲ့ အနေအထားကို ရောက်နေပြီလို့ Washington Post ကမှတ်ချက်ပြုထားပါတယ်။
ဒါကြောင့် ယူကရိန်းရဲ့တန်ပြန်တိုက်စစ်မအောင်မြင်ရတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ရှင်းပါ တယ်။ အမေရိကန်ဘက်က စီမံချက်ကို ကောင်းကောင်းမဆွဲသလို ယူကရိန်းဘက်က အမေရိကန်ပေးတဲ့ စစ်လက်နက်ပစ္စည်းများကို ကောင်းကောင်း အသုံးမချနိုင်လို့ပဲ ဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။
ဒီလိုမျိုးမအောင်မြင်မှုအတွက် အကျိုးဆက်အနေနဲ့ ယူကရိန်းနဲ့ အမေရိကန်တို့ကြားက ဆက်ဆံရေးမှာလည်း ပွတ် တိုက်မှုတွေ ရှိလာတော့မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။