ULA/AA  ကြောင့် သဇင်ပန်းတွေကြွေရတော့မယ့် သာလီစွ ငါရို့ရခိုင်မြေ

 

ULA/AA  ကြောင့် သဇင်ပန်းတွေကြွေရတော့မယ့် သာလီစွ ငါရို့ရခိုင်မြေ

 

    ဘေးအန္တရာယ်ဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွဲ့ဆိုရလျှင်   သဘာဝဘေးအန္တရာယ် ((Natural Disaster) နှင့် လူလုပ်ဘေးအန္တရာယ် (Man-made Disaster) ဟူ၍  သတ်မှတ်နိုင်သည်။ သဘာဝဘေးအန္တရာယ်များ ဆိုသည်ကား သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲ ဖြစ်ပေါ်လာသော ဖြစ်စဉ်များဖြစ်ပြီး လူလုပ် ဘေးအန္တရာယ်ဆိုသည်မှာ လူသားတို့၏ အကြမ်းဖက်လုပ်ရပ်ဖြင့် ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော  အနိဋ္ဌာရုံများ ဖြစ်သည်။

လူလုပ်ဘေးအန္တရာယ်ဖြစ်သည့် အကြမ်းဖက်မှုများ ဖြစ်လာပြီဆိုလျှင် မည်မျှပင်ဖွံ့ဖြိုး တိုးတက်သည့်နေရာဖြစ်ပါစေ  အချိန်တစ်ခဏအတွင်းမှာပင်  ပျက်စီးဆုံးရှုံးမှု များစွာကို  မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် မြို့၊ရွာ များပျက်စီးမှုနှင့်အတူ စီးပွားရေး ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စားသောက်ကုန်များ ပြတ်လပ်ရှားပါးခြင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုရပ်တန့်ခြင်းနှင့် ကုန်ဈေးနှုန်းများ  အဆမတန်ကြီးမြင့်ခြင်းစသည့် နောက်ဆက်တွဲ အကျိုးဆက်များကို တွေ့ကြုံရမည်ဖြစ်သည်။

မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများသည် သာမန်မျှသာဖြစ်ပြီး ၎င်းတို့ကို ပြန်လည်ပြင်ဆင်နိုင်သော်လည်း  လူလုပ် ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုကတော့ သာမန်မဟုတ်ပေ။ သူ့ကြောင့် ရုပ်ဝတ္ထုပိုင်းသာမကဘဲ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ဓာတ်ရေးရာတို့ အပါအဝင် ဘက်ပေါင်းစုံတွင် ထိခိုက်ပျက်စီးမှုများကို ဖြစ်စေသည်။ လူလုပ်ဘေးအန္တရာယ် ဆိုသည့်အတိုင်း  ထိုအခြင်းအရာသည် လူသားများ၏ လုပ်ရပ်ကြောင့်ဖြစ်သော ဘေးဒုက္ခဖြစ်၍ လူသားများကပင် ပြန်လည်ထိန်းသိမ်းမှုများ လုပ်ရမည်ဖြစ်သည်။

မိမိတို့နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို နိုင်ငံတော်အစိုးရက ပြန်လည်ပြင်ဆင်မှုများနှင့် တိုးတက်ကောင်းမွန်မှုများ လုပ်ဆောင်ပေးနိုင်ခဲ့သလို တစ်ဖက်တွင်လည်း လူလုပ် ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးမှုများကို ပြည်သူများ မလိုလားသည့် အခြေအနေတစ်ခုက အထင်းသား တည်ရှိနေသည်။ ထိုအခြေအနေဖြစ်ပေါ် တည်ရှိရာနေရာကား    မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ရခိုင်ပြည်နယ်ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလား ပင်လယ်အော်ကြားက ကမ်းမြောင်ဒေသတွင် တည်ရှိပြီး ရှေးရခိုင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသော ဒေသဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် တည်ရှိသည့်အတွက် မျက်စိပသာဒဖြစ်စွာ သာယာလှပသည့် ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော မုန်တိုင်းများ တိုက်ခတ်မှုဒဏ်ကို မကြာခဏ ကြုံတွေ့ခံစားရလေ့ရှိသည်။

သို့သော်    သဘာဝဘေးအန္တရာယ်ကျရောက်ပြီးတိုင်း နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်တို့ပူးပေါင်းပြီး ရခိုင်ပြည်ကြီးကို မူလအတိုင်းသာမက မူလထက် ပိုမိုတိုးတက်မှုများဖြင့်  ဆက်လက်သာယာလှပစေရန်   ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထင်ရှားဆုံး  ဥပမာတစ်ခုကို   ထုတ်ပြရမည်ဆိုလျှင် အနီးစပ်ဆုံးအနေဖြင့် မကြာသေးမီကဖြစ်ပေါ်ခဲ့သည့်  မိုခါမုန်တိုင်းတိုက်ခတ်မှုကို လက်ညှိုးထိုးပြရပေမည်။

သဘာဝဘေးအန္တရာယ်ဖြစ်သည့် မိုခါမုန်တိုင်းကြောင့်  ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရာ     နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူနှင့် တပ်မတော်လက်တွဲညီစွာ  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့သည်။

အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ စိတ်တူကိုယ်တူဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခုဆိုလျှင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြီးစီးမှုမှာ ၉၉ ရာခိုင်နှုန်းပင် ရှိနေပြီဖြစ်သည်။

ရခိုင်ပြည်နယ်သည်   သဘာဝဘေးအန္တရာယ်နှင့် နဖူးတွေ့၊  ဒူးတွေ့ရင်ဆိုင် ခဲ့ရသော်လည်း   တွဲလက်ညီညာအောင်ကြောင်းဖြာ ဆိုသည့်စကားအတိုင်း ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေချောမွေ့ပြီး ကုန်စည်ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ တိုးတက်လာသည်။ ကျောင်းနေအရွယ် ကလေးငယ်များသည်လည်း ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်သည်အထိ   အစစအရာရာ အဆင်ပြေနေခဲ့သည်။ တစ်နည်းဆိုရလျှင် ရခိုင်ပြည်ကြီး ကောင်းစားနေပြီဖြစ်သည်။