နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနား သို့တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ - ၆
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင် စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှသံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ နိုင်ငံ တကာနှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထူးဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ နိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအထိမ်း အမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲဒုတိယပိုင်းကို Plenary Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ “ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃)”ကို နိုင်ငံတကာနှင့် ပြည်တွင်း၌ဆောင်ရွက်နေကြသည့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံများကိုဖလှယ်ရန်၊ နိုင်ငံတကာနှင့် ပြည်တွင်း ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်ကိုပိုမိုမြှင့် တင်ရန်၊ အရည်အသွေးပြည့်ဝသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများကို လွှမ်းခြုံမှုမြင့်မားစွာဖြင့်လူတိုင်းလက်လှမ်းမီ သာတူညီမျှရရှိရေး တိုးမြှင့်ဆောင်ရွက် ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDGs)ပါ ရည်မှန်းချက် များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)ပါ ရည်မှန်းချက်များပြည့်မီရေးတွင် အဓိကကျသည့် ပြည်သူ့ကျန်းမာ ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဖော်ထုတ်ရန်၊ အနာဂတ် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ဦးဆောင်မည့်သူများအား ပြုစုပျိုးထောင်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ကို သိရပါကြောင်း၊ အင်မတန် ကျယ်ပြန့်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲကြီးတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ၁၈၀၀ ကျော်နှင့် နိုင်ငံတကာမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ၃၀ ဦးတို့က လူကိုယ်တိုင်နှင့် Online တို့က တက်ရောက်ဆွေးနွေးကြမည်ဟု သိရပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူအားလုံး၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး စဉ်ဆက်မပြတ်အားပေး ဆောင်ရွက်လျက် ရှိရာတွင် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး” ဆိုသည့်မူနှင့်အညီ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် လူမှုရေး ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခု ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကိုလည်း “Improving the longevity and health of the nation” “လူတိုင်း သက်ရှည် ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေး မြှင့်တင်စို့”ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပခြင်း ဖြစ်သည့်အတွက် အဆိုပါလူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်ရာ၌ အရေးကြီးသည့် ပံ့ပိုးမှုတစ်ခုအနေဖြင့် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း။
ပြည်သူ့ကျန်းမာရေးဆိုသည်မှာ ကျန်းမာရေးနှင့်သက်ဆိုင်သူများကပြည်သူများ ကျန်းမာကြံ့ခိုင်စေရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူများ ကလည်း ကျန်းမာရေးအသိဖြင့် သက်ရှည်ကျန်းမာအောင် နေထိုင်စားသောက်လုပ် ဆောင်ကြခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများသည် ကျန်းမာရေး အဆင့် မြှင့်တင်ရေးနှင့် ရောဂါများကြိုတင် ကာကွယ်တားဆီးရေးတို့ကို ပိုမိုအလေးပေး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်း အားအရင်းအမြစ်များ ပိုမိုတိုးမြင့်ရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် လာစေရေးကို များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် “Prevention is better than cure” “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်”ဆို သည့် စကားအတိုင်း ရောဂါကြိုတင်ကာကွယ်တားဆီးရေးကို အလေးထားဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း ပိုမိုမြင့်မားလာရန်၊ လူတိုင်း သက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရန် ရည်ရွယ် ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများကို မြှင့်တင်ပေးခြင်းသည် အဓိကကျပါကြောင်း။
မိမိတို့နိုင်ငံတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေးဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် ၁၉၉၀ ပြည့်နှစ်တွင်ရှိခဲ့သည့် မိခင်သေဆုံးမှုနှုန်းကို ၂၀၂၀ ပြည့်နှစ် တွင် ၆၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်း သည် ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၅၃ ဒသမ ၂ ရာခိုင်နှုန်း အထိကျဆင်းခဲ့သည်ဟုသိရပါကြောင်း၊ မွေးကင်းစကလေး သေဆုံးနှုန်းသည်လည်း ၂၀၀၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တီဘီရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၅ ခုနှစ် ရောဂါဖြစ်ပွားနှုန်း၏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည့်အတွက် အရှေ့တောင်အာရှတင် မြန်မာနိုင်ငံ သည် တီဘီရောဂါအဆုံးသတ်နိုင်ရေးမှတ်တိုင်(End TB milestone)ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်ဟုသိရှိရပါကြောင်း၊ ထို့အပြင် HIV/AIDS နှင့်ငှက်ဖျားရောဂါများ ဖြစ်ပွားမှု၊ သေဆုံးမှုကိုလည်း သိသိသာသာလျှော့ချ နိုင်ခဲ့သည်ကိုသိရှိရပါကြောင်း၊ ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို မိမိအနေဖြင့် အထူးပင်အသိအမှတ်ပြုပါကြောင်းနှင့် ပြည်သူများ ငွေကြေးကုန်ကျမှုနည်းနည်းဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက် မှုများကို တိုင်းရင်းသားများအပါအဝင် လူတိုင်းလက်လှမ်းမီ သာတူညီမျှရရှိနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုအပ်ချက်အရ ကျေးလက်ဒေသများအထိ သွားရောက်ပြီး အနီးကပ်ဆောင်ရွက်ကြရပါကြောင်း၊ နိုင်ငံတော်ကလည်း အခြေခံကျန်းမာရေး ဝန်ထမ်း များ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲများ တိုးချဲ့ဖွင့်လှစ် ပေးခြင်း၊ စံကိုက်ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများအဖြစ် အဆင့်မြှင့်တင် ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများထည့်သွင်းဆောက်လုပ်ပေးခြင်းနှင့် မရှိမဖြစ် အခြေခံဆေး နှင့် ဆေးပစ္စည်းများအား ဝယ်ယူဖြည့်တင်းပေးခြင်းတို့ကို အလေးထား ဆောင်ရွက်ပေး လျက် ရှိပါကြောင်း။
ကျန်းမာရေးဝန်ထမ်းများ တာဝန်ကျရာနေရာတွင် အဆင်ပြေစွာ နေထိုင်တာဝန် ထမ်းဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဝန်ထမ်းအိမ်ရာ များကို တိုးမြှင့်ဆောက်လုပ်ပေးလျက်ရှိသည့်အပြင် ဘွဲ့လွန်ရရှိထားသည့်ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်းများကို ပညာရှင်ဘွဲ့ချီးမြှင့်ငွေများ လစဉ်ချီးမြှင့် နေသကဲ့သို့ ခံစားခွင့်များကိုလည်း တိုးမြှင့်ခွင့်ပြုပေးထားပါကြောင်း၊ အလားတူ ကျန်းမာရေးလုံခြုံမှု လိုအပ်သည့်ဝန်ထမ်းများအတွက်လည်း Risk Allowance လစဉ် ချီးမြှင့်ငွေများကိုလည်း ပေးအပ်လျက်ရှိပါကြောင်း။
နိုင်ငံတော်က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုး လုပ်ငန်းနှင့် တီဘီ၊ HIV ရောဂါကုသဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး၊ မိခင် ကလေးကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး စသည်များအပါအဝင် ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခွဲဝေချထား ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ နှီးနွယ်ဌာန များ၊ အလှူရှင်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကိုလည်း အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှု နည်း စွာဖြင့် အောင်မြင်စွာ ကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလ အလွန်မှာ အခြားကူးစက်ရောဂါများဖြစ်ပွားမှုမရှိခြင်း၊ ၂၀၂၃ ခုနှစ်၊ မေလထဲ၌ဖြစ်ပေါ် ခဲ့သည့် မိုခါမုန်တိုင်းအပြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ချက်ချင်း အရှိန် အဟုန်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မုန်တိုင်းအလွန်ကာလတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိခြင်းတို့သည် ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုမှတ်တိုင်များပင် ဖြစ်ပါ ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး ကဏ္ဍနှင့်သက်ဆိုင်သည့် ဦးတည်ချက်များအောင်မြင်ရေးကို ယခုကျင်းပသည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင် ရာ နှီးနှောဖလှယ်ပွဲမှရရှိလာမည့်အတွေ့အကြုံများ၊ ဗဟုသုတများ၊ နည်းပညာသစ်များ ကို သေချာစွာဆန်းစစ်လေ့လာပြီး တီထွင်ဆန်းသစ်မှုများနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးသွားကြရန်၊ တိုင်းရင်းသား ပြည်သူအားလုံး ရောဂါဘယကင်းရှင်းပြီး သက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် မျှော်မှန်း သက်တမ်းမြင့်မားလာရေးတို့အတွက် နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို ပိုမိုတိုးတက်မြင့်မားလာစေရေး အားလုံးက ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အောင်မြင်မှုများ မှတ်တမ်း (Video Clip)ကို ပြသပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက “မြှင့်တင်အားပေး ပြည်သူ့ကျန်းမာရေး” ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကျန်းမာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အထူးဖိတ်ကြားထားသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မျိုးဆက်ပွား၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနခွဲပြခန်း၊ သက်ကြီးရွယ်အိုကျန်းမာရေး၊ အာဟာရနှင့် ကျောင်း ကျန်းမာရေးဌာနခွဲပြခန်း၊ လုပ်ငန်းခွင်နှင့်ကျန်းမာရေးသတင်း အချက်အလက် ဌာနခွဲပြခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနပြခန်း၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း ဌာနခွဲပြခန်း၊ ရောဂါနှိမ်နှင်းရေးနှင့် မကူးစက်တတ်သောရောဂါဌာန ခွဲပြခန်း၊ ဗဟိုကူးစက်၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်ဌာနခွဲပြခန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်း၊ စက်မှုဝန်ကြီး ဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြခန်း၊ ပြည်ထဲရေးဝန်ကြီး ဌာနပြခန်း၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများပြခန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြခန်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် သိရှိလိုများမေးမြန်းဆွေးနွေးကာ လိုအပ်သည်များအကြံပြု ပြောကြားခဲ့သည်။
ယခုကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲ (၂၀၂၃)ကို ဒီဇင်ဘာ ၇ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။