နိုင်ငံ့စီးပွားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး

 

နိုင်ငံ့စီးပွားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်)

    မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် ပတ်သက်၍ မိုးရာသီစိုက်ပျိုးမှုများ ပြီးဆုံး၍ အချို့မှာရိတ်သိမ်းမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်လုပ်ခဲ့သည့် အကျိုးကျေးဇူးအဖြစ် သီးနှံထွက်ရှိမှုများ တိုးတက်ခဲ့ကြောင်း သိရှိရသည်။ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆက်လက်ဆောင်ရွက် ကြရဦးမည်ဖြစ်သည်။ ယခုအခါ ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဆောင်းရာသီသီးနှံများ၊ ဆီထွက်သီးနှံများ၊ ပြောင်း စသည့်သီးနှံများ၏ စိုက်ပျိုးမှုတွင် သီးထွက်စွမ်းအားများ တိုးတက်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

    ရာသီအလိုက်စိုက်ပျိုးလျက် ရှိသည့်သီးနှံများအပြင် နှစ်ရှည်သီးနှံများကိုလည်း   စိုက်ပျိုးလျက်ရှိရာ မြန်မာနိုင်ငံ၌ ကော်ဖီနှင့်ရော်ဘာများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ပြီဖြစ်သည်။  နိုင်ငံတော်အစိုးရ အနေဖြင့် လွန်ခဲ့သည့်နှစ်များမှစ၍ ကော်ဖီစိုက်ပျိုးမှုနှင့် ရော်ဘာစိုက်ပျိုးမှုများ တိုးတက်စေရေးတွန်းအား ပေးဆောင်ရွက် ခဲ့ခြင်းကြောင့် ယခုအခါ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာပြီဖြစ်သည်။ နစ်နာမှု ရှိနေသည့် ကော်ဖီလုပ်ငန်းများ ပြန်လည်ရှင်သန်စေရေး ဆောင်ရွက်ပေးခဲ့သည့် အတွက်လည်း ကော်ဖီလုပ်ငန်း တိုးတက်လာခြင်းဖြစ်သည်။

    ယခင်တပ်မတော်အစိုးရ လက်ထက်က ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုပေးခဲ့သည့် စိုက်ပျိုးမြေ၏ ထက်ဝက်ခန့်ကိုသာ ကော်ဖီများ စိုက်ပျိုးနိုင်သေးသည်ကို လေ့လာတွေ့ရှိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချို ဒေသ၊ ရွာငံဒေသနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်ဒေသတို့တွင် ကော်ဖီဇုန်များ သတ်မှတ်၍ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ သံတောင်ကြီးဒေသ၊ ပအိုဝ်းဒေသတို့တွင် လည်း ကော်ဖီစိုက်ပျိုးရေးကိုဆောင်ရွက်လျက်ရှိသည်။

    “မိမိတို့နိုင်ငံတွင် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်စေရေး အရင်းအနှီး ငွေကြေးစိုက်ထုတ်နိုင်သူများ အနေဖြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံသင့်သည်ဟု မြင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ချထားပေးသည့် အချို့မြေနေရာများပေါ်တွင် ယခုအချိန်အထိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါမြေများအား ရောင်းဝယ်မှုများကို စနစ်တကျဖြင့် စိစစ်သွားရန်နှင့် စိုက်ပျိုးခြင်းမပြုသည့် မြေများကို ပယ်ဖျက်သွားရန် လိုကြောင်း၊ ကော်ဖီစိုက်ပျိုးမှုများကို သတ်မှတ်ထားသည့်အတိုင်း တိုးချဲ့စိုက်ပျိုးသွားမည် ဆိုပါက လာမည့် ၅ နှစ်တာကာလအတွင်း ကော်ဖီထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးဧက ၂၇၉၀၀ ထပ်မံတိုးချဲ့ စိုက်ပျိုးရန် လျာထား ဆောင်ရွက်နေကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃)တွင် အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

    ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် ကော်ဖီပျိုးပင်များကို ကြိုတင်စိုက်ပျိုးထားမည် ဆိုပါက များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည်။ ထိုသို့တိုးချဲ့စိုက်ပျိုး နိုင်မည်ဆိုပါက စုစုပေါင်းစိုက်ဧက ၃ သိန်း ရှိမည်ဖြစ်သဖြင့် နောင် ၅ နှစ်မှ ၇ နှစ်အတွင်း အဆိုပါ အသီးအပွင့်များကို ခံစားနိုင်မည်ဖြစ်သည်။ အထူးသဖြင့် မျိုးကောင်းသည့်ကော်ဖီများကို ထုတ်လုပ်နိုင်ရန် လိုအပ်သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို   ချမှတ်ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍   စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကို အထူးအလေးထား လုပ်ဆောင်လျက်ရှိသည်။ စိုက်ပျိုးရေးတွင် စပါး၊ ပဲ၊ ပြောင်းနှင့်ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များ ဖြစ်ကြသည့် ကော်ဖီနှင့် ရော်ဘာစိုက်ပျိုးခြင်းများ ဖြစ်သည်။

    ရော်ဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးဧက ၁ သန်း ၆ သိန်းကျော်ရှိကြောင်း သိရသည်။ ရော်ဘာထုတ်ကုန်သည်လည်း သေချာသည့် ထုတ်ကုန်ပစ္စည်း တစ်ခုဖြစ်ပြီး အဆင့်ရှိသည့် ကုန်ကြမ်းများကို ထုတ်လုပ်နိုင်သည်။ ထို့ကြောင့်  တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ရော်ဘာစိုက်ပျိုးရေးကို အားပေးဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။ ရော်ဘာစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရော်ဘာအရည်အသွေး မြင့်မားလာစေရေး၊ ဈေးနှုန်း မှန်ကန်တည်ငြိမ်စေရေး၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် MSME လုပ်ငန်းရှင်များနှင့် သက်ဆိုင်သူအားလုံးက ပိုမိုကြိုးစားကြရမည်ဖြစ်သည်။

    စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုတွင် ဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားရှိပြီး အစေးခြစ်ဧက ၁ သန်းနီးပါးမှ ရော်ဘာတန်ချိန် ၃ သိန်းကျော်ထွက်ရှိသည်။ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန်  ၂ သောင်းကျော်ခန့်ရှိပြီး ပြည်ပကို တန်ချိန် ၃ သိန်းခန့် တင်ပို့လျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရော်ဘာတန်ချိန် ၄ သိန်းခန့်တင်ပို့နိုင်ရေး လျာထားကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွားစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ကော်ဖီနှင့် ရော်ဘာထုတ်လုပ်မှုကို အလေးထား ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။  ။