ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်)
၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ အမျိုးသားပညာရေးမှ တစ်ဆင့် သန္ဓေတည်လာသော အမျိုးသားအောင်ပွဲသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကို မွေးဖွားပေးခဲ့သည်။ ထိုစိတ်ဓာတ်မှတစ်ဆင့် ဗမာ့လွတ်လပ်ရေး တပ်မတော်ပေါ်ပေါက်ခဲ့သည်။ ထိုစိတ်ဓာတ်မှတစ်ဆင့် မြန်မာနိုင်ငံသည် ကိုလိုနီအုပ်ချုပ်ခံ ဘဝမှလွတ်မြောက်ကာ လွတ်လပ်ရေးရရှိခဲ့သည်။ မြန်မာတို့၏အမျိုးသား ပညာရေးကျောင်းများ ပေါ်ထွန်းလာခြင်းအတွက် လည်းကောင်း၊ အဓိကအားဖြင့် ကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ် အပြည့်အဝဖြင့် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့ခြင်း အတွက်လည်းကောင်း ပေါ်ထွန်းလာသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
အတိတ်ကာလ မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာမည်ဆိုပါက မြန်မာတို့သည် သရေခေတ္တရာခေတ်၊ပုဂံခေတ်တို့မှအစပြု၍ ကုန်းဘောင်ခေတ်တိုင်အောင် အမျိုးသားပညာ သင်ကြားရေးစနစ် ခိုင်ခိုင်မာမာတည်ရှိခဲ့ကြသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ခေတ်မီနိုင်ငံ ထူထောင်ရန်အတွက် ပြည်ပနိုင်ငံများသို့ စက်မှုပညာသင်၊ စစ်ပညာသင်များ စေလွှတ်ခဲ့သည်။ အောင်မြင်မှုများ ရှိနေစဉ်မှာပင် နယ်ချဲ့တို့၏ သွေးထိုးနှောင့်ယှက်မှုကြောင့် ခေတ်မီတည်ဆောက်ရေး လုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။ စာပေပညာရှင်များက ကနောင်မင်းသား ကျဆုံးခြင်းသည် သူ့ကျွန်ဖြစ်ရန် တံခါးဖွင့်ပေးလိုက်ခြင်းဟု ဆိုကြသည်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် တင့်တင့်တယ်တယ် နေထိုင်ခဲ့မှုများမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ မတရားကျူးကျော်စစ် သုံးကြိမ်ကြောင့် တစ်မျိုးသားလုံး သူ့ကျွန်အဖြစ်သို့ ကျရောက်ခဲ့ရသည်။
မြန်မာတို့၏အမျိုးဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှုများကို အင်္ဂလိပ်တို့ ဖျက်ဆီးခဲ့သည်။ အမျိုးသားရေး စိတ်ဓာတ်များ၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားပညာရေး၊ အတွေးအခေါ်များ နေရာတွင် ကိုလိုနီစရိုက်၊ ပညာရေးတို့ကို စနစ်တကျကြံစည်အားထုတ် အကောင်အထည်ဖော်ခဲ့သည်။ အင်္ဂလိပ်တို့သည် ၁၈၆၆ ခုနှစ်တွင် ပညာရေးဌာနကိုဖွင့်ပြီး ပညာသင်ကြားရေး လုပ်ငန်းများစတင်ခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ကိုလိုနီပညာရေး၏ ဦးတည်ချက်မှာ ကုန်ထုတ်လုပ်မှု တိုးတက်စေရန်မဟုတ်ဘဲ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရားတွင်အကျိုးပြု အမှုထမ်းမည့် အင်္ဂလိပ်စာပေနှင့် အနောက်တိုင်းယဉ်ကျေးမှုတို့ကို အထင်ကြီးသော ခေတ်ပညာတတ် လူတန်းစားတစ်ရပ်မွေးထုတ်ရန်ပင်ဖြစ်သည်။
မြန်မာတို့သည် ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီးကို ဖွဲ့စည်းခဲ့သည်။ ထိုအသင်းကြီး၏ ရည်ရွယ်ချက်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဟု ပြဆိုထားသော်လည်း အဓိကမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်ဖြစ်သည်။ ဝိုင်အမ်ဘီအေအသင်းမှ ဂျီစီဘီအေအသင်းကြီးသို့ ပြောင်းလဲဖွဲ့စည်းပြီးနောက် မကြာမီပေါ်ပေါက်ခဲ့သောပထမကျောင်းသားသပိတ်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လှုပ်ရှားမှုသမိုင်းတွင် ထင်ရှားသော သမိုင်းမှတ်တိုင်ကြီးဖြစ်သည်။ အင်္ဂလိပ်တို့၏ တက္ကသိုလ်ဥပဒေကို မကျေနပ်၍ ကောလိပ်ကျောင်းသားများ အစည်းအဝေးပြုလုပ်ကာ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ပထမကျောင်းသား သပိတ်ပေါ်ပေါက်လာခဲ့သည်။
ထိုစဉ်ကကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်တို့၏ မျိုးချစ်စိတ်ဓာတ်သည် အံ့မခန်းရှိလှသည်။ အမျိုးသားရေး နိုးကြားတက်ကြွမှုကိုဖြစ်စေခဲ့သည်။ မြန်မာစာသည်တို့စာ၊ မြန်မာစကားသည်တို့စကား၊ တို့ပြည်ကိုချစ်ပါ၊ တို့စာကိုချီးမြှင့်ပါ၊ တို့စကားကိုလေးစားပါဟူသော ကြွေးကြော်သံတို့ မြိုင်ဆိုင်ခဲ့သည်။
သူတို့၏လှုပ်ရှားမှုကြောင့် မြန်မာစာ၊ မြန်မာစကားတို့ ဂုဏ်တင့်တယ်ခဲ့သည်။ အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားကာ အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့သည်။ ထိုသို့ဖြစ်စေရန် စတင်ခဲ့သောနေ့ကို မြန်မာတို့လုံးဝ မေ့ပျောက်ရန် မသင့်သည့်အတွက် နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ကို ကျင်းပခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို “တိုင်းရင်းသားအားလုံး၏ ညီညွတ်သော စုပေါင်းအင်အားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည် ဖော်ဆောင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့်မျိုးချစ်စိတ်ရှိသော လူငယ်များပြုစုပျိုးထောင်ရေးနှင့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရေး” ဟူသော အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ချမှတ်ကာ ကျင်းပခြင်းဖြစ်သည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကိုချမှတ်လျက် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။ အဓိကအားဖြင့်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လျက်ရှိပါသည်။ ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား လုပ်ဆောင်လျက်ရှိပါသည်။ အနှစ်ချုပ်ဆိုရသော် ပြည်ထောင်စု ငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆီသို့ လျှောက်လှမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။