ယူကရိန်းစစ်ဆင်ရေးတွင် ဗြိတိန်အထူးတပ်ဖွဲ့များ လျှို့ဝှက်စွာပါဝင်ခဲ့ဟုဆို

 

ယူကရိန်းစစ်ဆင်ရေးတွင် ဗြိတိန်အထူးတပ်ဖွဲ့များ လျှို့ဝှက်စွာပါဝင်ခဲ့ဟုဆို

 

     ဗြိတိန်အထူးတပ်ဖွဲ့ဝင်များ အနေဖြင့် ယူကရိန်းစစ်ဆင်ရေး အစောပိုင်းကာလများတွင် ယူကရိန်းစစ်သည်များနှင့် ရောနှောကာ လျှို့ဝှက်စွာ ပါဝင်ခဲ့ကြောင်း ပိုလန် သတင်းထောက်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍  ဗြိတိန်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ပိုလန်သတင်းထောက် ပါရာဗီယာနိုဗစ်သည် ယူကရိန်းနိုင်ငံနှင့် ပတ်သက်၍ သတင်းရယူသူဖြစ်ပြီး ပိုလန်အစိုးရဝန်ကြီး တစ်ဦးက ၂၀၂၂ ခုနှစ် မတ်လတွင် ကိယက်မြို့မှ ဇီတိုမီယာမြို့သို့ ခရီးသွားစဉ် ကြားသိခဲ့ရသည့် အကြောင်းကို ပါရာဗီယာနိုဗစ်အား ပြန်ပြောပြခြင်းဖြစ်သည်။

“အဲဒီအချိန်တုန်းက ရုရှားတွေဟာ ဘူခါမှာပဲ ရှိပါသေးတယ်။ လမ်းကြောင်းကလည်း အညိုရောင်အဆင့်ပါ။ နောက်ဆုံး စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးချိန်မှာ ယူကရိန်းနိုင်ငံသားတွေက ကျွန်တော်တို့အနေနဲ့ ကိုယ့်တာဝန်ကိုယ် ယူရမှာပါလို့ ပြောလာပါတယ်။ အဲဒီအခါ ကျွန်တော်တို့အနေနဲ့ နောက်ထပ် ဘယ်သူတွေကို တွေ့ရမှာလဲလို့ မေးလိုက်တော့  ယူကရိန်းစစ်သည်တွေ၊ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ထားတဲ့ ဗြိတိန်အထူးတပ်ဖွဲ့ဝင်တွေ ဆိုပြီးပြောလာပါတယ်” ဟု ပိုလန်ဝန်ကြီးကပြောကြောင်း ပါရာဗီယာနိုဗစ် ရေးသားထားသော သတင်းတွင်တွေ့ရသည်။

ယူကရိန်းနှင့်ဗြိတိန်တို့သည် ပဋိပက္ခများ စတင်ဖြစ်ပွားစဉ်ကတည်းက အမြောက်ခြေရာခံ ရေဒါများကို    မောင်းနှင်လျက်  ကျေးလက်ဒေသများတွင်  သွားလာနေကြောင်း အဆိုပါ ပိုလန်ဝန်ကြီးတစ်ဦးက ဆက်ပြောသည်။

ထို့ပြင် ယူကရိန်းသမ္မတဇီလန်စကီ၏ လုံခြုံရေးအဖွဲ့ကို လေ့ကျင့်ပေးခဲ့သူများမှာ ဗြိတိန်အထူးလေတပ်ဖွဲ့မှ စစ်သည်များဖြစ်ကြောင်း၊ ပိုလန်မှကွန်မန်ဒို စစ်သည်အချို့သည်လည်း ယူကရိန်းသို့ ဝင်သွားပြီးနောက် ပြန်လာခြင်းမရှိဘဲ ခါကော့နှင့်ဒွန်းဘတ်ဒေသရှိ ယူကရိန်း ထိန်းချုပ်သော နယ်မြေများတွင် သွားလာ လှုပ်ရှားကြကြောင်း ပိုလန်ထိပ်တန်း အရာရှိကြီးတစ်ဦးက ပြောသည်။

“ပိုလန်ကွန်မန်ဒိုတွေ အနေနဲ့လည်း ဗြိတိန်စစ်သည်များနဲ့ တွဲဖက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိမိတို့စစ်သည်တွေ ယူကရိန်းမှာ တည်ရှိနေမှုကို  ပုံစံတစ်မျိုးနဲ့ ဖော်ပြလိုက်ပါတယ်။ အဲဒါကတော့ လစာပြည့် ခွင့်ပေးလိုက်တယ်ဆိုတဲ့ ပုံစံမျိုးပါ။ နိုင်ငံရေးသမားများကလည်း ဒါကိုမမြင်ချင်ယောင် ဆောင်ထားပါတယ်”ဟု အဆိုပါ ထိပ်တန်းအရာရှိကြီးက  ဆက်ပြောသည်။ ဧပြီလတွင် ပေါက်ကြားလာသော ပင်တဂွန်စစ်ဌာနချုပ်၏ လျှို့ဝှက်စာရွက်စာတမ်းများတွင် အနည်းဆုံးဗြိတိန်အထူး တပ်ဖွဲ့ဝင်အယောက် ၅၀ ခန့်မှာ မတ်လအထိ ယူကရိန်းနိုင်ငံ၌ ရှိနေသေးကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။