အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ဒီမှာသိပ်သာယာတယ်သူငယ်ချင်း။ ဒါပေမဲ့ငါတော့ မကြည်နူးအားဘူး။ အလုပ်များတယ်။ စိတ်မအားရဘူး။ ခက်တာက တံတားဆောက်တဲ့အလုပ်တစ်ခုတင်မကဘူး။ သူကြီးအလုပ်ပါ လုပ်နေရတယ်။ ခုပဲကလေးတွေအတွက် ကျောင်းထောင်ပေးဖို့ စီစဉ်နေရပြီ။ ပြီးတော့ သူနာပြုဆေးခန်းတစ်ခု ဖွင့်ပေးရဦးမယ်။

နောက် ငါ့လူတွေမပျင်းအောင် ဖြေဖျော်ဖို့ ရုပ်ရှင်တို့၊ အငြိမ့်တို့စီစဉ်ရဦးမယ်။ ခုတော့ ရုပ်ရှင်ကြည့်ဖို့ စင်ရော်ကိုနှစ်ပတ်တစ်ခါလွှတ်ပေးရတယ်။ အလှည့်နဲ့ပေါ့ကွာ။

လူငယ်တွေဆိုတော့ ဒါလေးတွေလည်း ရှိမှကွ။ စာရေးပါဦး ကျော်ဆွေ၊ သော်ကောင်းဆီကစာရရင် ငါ့ဆီကိုလည်း စာရေးဖို့မင်းကတစ်ဆင့်မှာပါ။ တစ်ဦးတစ်ယောက်တွေ့သေးသလား။ ငါ့အိမ်ကိုခဏခဏသွားပါ။ လှမင်းမိန်းမလိုက် လာလိမ့်မယ်။ ငါ့ဖို့ ရမ် တစ်ပုလင်းလည်း ပို့လိုက်ပါ သူငယ်ချင်း။

သောင်းဒန်

အလုပ်ရှုပ်လာသည့်အခါ တိုင်ပင်ဖော်တိုင်ပင်ဖက်လိုလာသည်။ သော်ကောင်းနှင့်ကျော်ဆွေကို  အမှတ်ရသည်။ သူငယ်ချင်းထဲတွင် သူတို့နှစ်ယောက်ကို အခင်ဆုံးဖြစ်သည်။ အလုပ်ချင်းတူသဖြင့် ပို၍ခင်သည်။ ကျောင်းနေစဉ်က တက္ကသိုလ်တွင်တွေ့သည့် ပခုက္ကူသားဖေညွန့်တစ်ယောက်ကိုလည်း အမှတ်ရသည်။ ဖေညွန့်သည် ကျောင်းဆရာ လုပ်နေရာမှ ဘီအယ်စာမေးပွဲဖြေကာ ပခုက္ကူတွင် ရှေ့နေလုပ်နေပြီ။ ယခုတော့ သူဌေးသမီး တစ်ယောက်နှင့်ရကာ ဆူဖြိုးနေသည်ဟု ကြားရသည်။ ခင်မောင်သိန်းကား ရေနံချောင်းတွင် ကျောင်းအုပ်ကြီး ဖြစ်နေပြီဟုသိရသည်။ တက္ကသိုလ်ကျောင်း သထုံဆောင်တွင် သူတို့သုံးယောက်တစ်ခန်းတည်းနေခဲ့သည်။ တစ်ခန်းနှစ်ယောက်နေရသော်လည်း သူတို့ကား တစ်ခန်းသုံးယောက်နေကြသည်။ သောင်းဒန်သည် သူ့အခန်းတွင် အဝတ်သေတ္တာထားရုံသာ ထားသည်။ အိပ်တော့ ဖေညွန့်နှင့်ခင်မောင်သိန်းအခန်းကို သွား၍အိပ်သည်။ သုံးယောက်ပေါင်း ပိုးလုံချည်ခြောက်ထည်ရှိသည်။ ထိုလုံချည်ခြောက်ထည်ကို တစ်လှည့်စီဝတ်ကြသည်။ ဖေညွန့်ကား အလွန်နှမြောသူဖြစ်သည်။

သူ့ဗန်ကောက် လုံချည်လေးထုတ်မည်ကြံလျှင် တဆူဆူဖြစ်နေသည်။ နေရောင်ထောင်ကြည့်လိုက်၊ ခေါက်ထားလိုက်နှင့် တွန့်တွန့်တွန့်တွန့်ဖြစ်နေသည်။ အင်းယားသူတွေက သူတို့သုံးယောက်ကိုအဝတ်အစားကြည့်ကာ အမှတ်ရနေကြသည်။ သည်နေ့ သောင်းဒန်ဝတ်သည့် မြောက်ပြင်ပုဆိုးသည် နောက်တစ်နေ့ ဖေညွန့်ခါးသို့ ရောက်သွားသည်။ ဖေညွန့်၏ ရွှေဖလားရောင် ဗန်ကောက်လုံချည်သည် သောင်းဒန်ခါးသို့ရောက်လာသည်။ သည်အထိချစ်ကြသည်။ ယခုမူ သူတို့နှင့်မတွဲရဘဲ သော်ကောင်း၊ ကျော်ဆွေတို့နှင့်တွဲရသည်။ သော်ကောင်းနှင့် ကျော်ဆွေသည် တွဲဖက်ဖြစ်သည်။

သော်ကောင်းက အင်ဂျင်နီယာဘွဲ့တစ်နှစ်စော၍ ရသည်။ ကျော်ဆွေအလုပ်သင် ဝန်ထောက်ဖြစ်သည့်အခါ ကျောက်ဆည်တွင် သော်ကောင်းနှင့် တွဲ၍လုပ်ရသည်။ ထို့နောက် သော်ကောင်းက မုံရွာသို့ ပြောင်းသွားသည်။ ကျော်ဆွေက ပြည်သို့ပြောင်းရသည်။ ပြီးမှနှစ်ယောက်စလုံး ရန်ကုန်ရောက်လာကြသည်။ ရန်ကုန်တွင် သောင်းဒန်နှင့် ဆုံမိကြလေသည်။ သူတို့နှစ်ယောက်သည် သောင်းဒန်ကို အရက်သောက်သည့်နေရာတွင် အလိုလိုက်သည်။ ထိန်းလည်းထိန်းသည်။ သောင်းဒန်ကား လူကောင်ကလည်းကြီးကြီး၊ အရက်သောက်ပြန်လျှင်လည်း တော်တော်နှင့်မဝ။ အရက်မူးလာပြီဆိုလျှင် သောင်းဒန်သည် အိမ်သို့တစ်ယောက်တည်းမပြန်။

သော်ကောင်းနှင့်ကျော်ဆွေတို့ကို တွဲ၍ခေါ်လေ့ရှိသည်။

သို့မှသာ မြင့်မြင့်သန်းဆူဆူပူပူ လုပ်မည့်ရန်မှ ကာကွယ်နိုင်မည်။ သို့သော် ကြာတော့ မြင့်မြင့်သန်းလည်း ရိုးသွားကာ သော်ကောင်းနှင့် ကျော်ဆွေရှေ့တွင် ဆူသည်။ ထိုအခါ သော်ကောင်းနှင့်ကျော်ဆွေတို့နှစ်ယောက်လစ်ပြေးကြသည်။ သောင်းဒန်လည်း ထမင်းမစားတော့ဘဲ အိပ်ရာထဲဝင်၍ ခွေနေလိုက်သည်။ ဒီကောင်ကြီးနောက် အရက်မူးရင် တို့ကိုအိမ်မခေါ်နဲ့ကွာ ဟု ကျော်ဆွေကပြောတတ်သည်။

သောင်းဒန်သည် ထိုအကြောင်းတို့ကို ညညတွင် လှမင်းနှင့်စောသာအေးတို့အား စားမြုံ့ပြန်တတ်သည်။

တစ်နေ့တော့ သော်ကောင်းအိမ်မှာ အရက်က သောက်လို့ကောင်းတာနဲ့ ပုလင်းလေးတစ်ပုလင်းလောက် ကုန်အောင်သောက်နေတယ်။ အဲဒီတုန်းအမြတ်တော်မင်းကြီး ဦးချိန်ဆိုတာ ရောက်လာတယ်။

ဦးချိန်က ကျွန်တော်တို့ အင်္ဂလိပ်မြန်မာသံအမတ်ကြီး ဦးစိန်ရဲ့ညီဗျ။  ဦးစိန်မှာ သမီးတစ်ယောက်ရှိတယ်။

ဒီသမီးက အင်္ဂလန်ကို ပညာတော်သင်လာတဲ့ ဆရာဝန်တစ်ယောက်နဲ့ရတယ်။ ဆရာဝန်က တော်လည်းတော်ပါတယ်။ ဒေါက်တာမြင့်စိန်တဲ့။ အမ်အာစီပီ နှစ်ထပ်ကွမ်းရတယ်။ သူ့ကို ဦးစိန်မျက်နှာနဲ့ ဒဗလျူအိပ်အိုဆိုတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ရာထူးခန့်တယ်။ သူကမြန်မာပြည်ပြန်လာချင်တယ်။ ဦးစိန်သမီးကလည်း လန်ဒန်မှာ ကျောင်းတက်နေတုန်း ရှိသေးတယ်။ အဲဒီအကြောင်း ဦးစိန်ညီ ဦးချိန်ကပြောနေတာပေါ့။ ဦးချိန်က မြင့်စိန်ဆိုတဲ့ကောင် တော်တော်မိုက်တဲ့ အကောင်၊ အလကားမြန်မာပြည်လာချင်တယ်။ ဒီမှာ ဘာအသုံးကျလို့လဲ။

ဒဗလျူအိပ်အိုမှာဆိုရင် လခရှစ်ထောင်လောက်ရမယ်။ ကားလည်းရတယ်။ အိမ်လခထောက်ပံ့ကြေးလည်းရတယ်။ အလကားဗျာ။ သူ့ပညာတွေကို မြန်မာပြည်မှာ အသုံးချချင်တယ်တဲ့။ ဒီတော့ ကျွန်တော်လည်း ဒေါက်တာမြင့်စိန်ကို ကြည်ညိုလာတယ်။ မူးကလည်းမူးမူးနဲ့။

ဒါ ဒါကောင်းတယ်။ ဒေါက်တာမြင့်စိန် မှန်တယ်။ မျိုးချစ်စိတ်ရှိတယ်။ ဦးစိန်သမက်ပီသတယ်နဲ့ ပြောလိုက်တာ ဦးချိန်တစ်ခါတည်း စကားမပြောတော့ဘူး။ မကြာပါဘူး။ ထပြီးပြန်ပြေးတော့တာပဲ။ အဲဒါ သော်ကောင်းနဲ့ ကျော်ဆွေပြောလို့မပြီးဘူး

ဟုတ်တယ် ကိုသောင်းဒန်။ ဦးသော်ကောင်းတို့၊ ဦးကျော်ဆွေတို့ရောက်လာရင် ကောင်းမှာပဲ

ဟိုကောင်ကလည်း လာမယ်။ လာချင်တယ်။ ကျော်ဆွေလေ။ ဒီကောင်က ရွတ်တွတ်တွတ်ရယ်။ ရန်ကုန်မှာမနေချင်ဘူး။ နယ်ကိုပြောင်းချင်တယ်။

ချင်းတောင်ဖြစ်ဖြစ် ကချင်ပြည်နယ်ဖြစ်ဖြစ် ပြောင်းပေးပါလို့ စာတင်တယ်ပြောတာပဲ

ဟုတ်လား ဒီလူ ဘာဖြစ်လို့လဲ

ရုံးမှာ လုပ်ရကိုင်ရတာ စိတ်ညစ်လို့နဲ့တူပါတယ်။

ရုံးမှာက ဆရာတွေသိပ်များတာပဲ။ လူတွေလည်း သိပ်များတယ်။ ဘယ်လောက်တော်ပေမယ့် နာမည်မပေါ်ဘူး။ ဘယ်လောက် အလုပ်လုပ်ပေမဲ့ နာမည်မပေါ်ဘူး။ အချောင်ခိုနေလို့လည်း ရတယ်။ လူမသိဘူး။ အထက်လူကြီးတစ်ယောက်ပဲ သိမယ်။ အထက်လူကြီးနဲ့ လေပေးဖြောင့်နေရင် ပြီးတာပဲ။ ဒါတွေစိတ်ညစ်တယ်နဲ့ တူပါတယ် ဒီမှာ ဦးသောင်းဒန် တစ်ယောက်တည်းမဖြစ်တာတော့ အမှန်ပဲ

အဲဒါ လူကြီးတွေသိဖို့ ကောင်းတာပေါ့ကွာ။ ကဲဒါတွေထား နက်ဖြန်အစီအစဉ်ဘယ်လိုလဲ  လှမင်း။ စင်ရော်သွားပြီး ကျောက်တွေယူဖို့စီစဉ်။ သဲတွေကတော့ ရောက်သင့်သလောက် ရောက်လာပြီ။ ကျောင်းသားတွေကလည်း ကျောင်းပြန်ဖွင့်ရင် လုပ်နိုင်တော့မှာမဟုတ်ဘူး။ ဒီတော့ စင်ရော်က သဲကန်ထရိုက်နဲ့ စီစဉ်ရမယ်။ ဒါတော့ ငါပဲလုပ်ပါမယ်ကွာ။ ဗိုလ်ကြီးဘကြိုင်နဲ့ဆွေးနွေးရမှာပဲ ရန်ကုန် ဘယ်တော့သွားရမလဲ ကိုသောင်းဒန်

အေး လှမင်း၊ မင်းသတိပေးမှငါအမှတ်ရတယ်။

မေ့နေလိုက်တာ။ မင်းတို့ကတော့ အမြဲသတိရနေတာ ကိုးကွ

လှမင်းသွားဖုံးနီနီများပေါ်အောင်ရယ်ကာ ကွမ်းသွေးကိုထွေးလိုက်သည်။

ခင်ခင့်ကို လွမ်းလှပြီလားကွ။ မင်းရယ် ဘယ်သူရယ် သွားကြမလဲ

ဖိုမင် ကိုသန်းမောင် ခေါ်သွားမယ် စိတ်ကူးတယ်

အေး ဒါဖြင့် ဒီနေ့ သောကြာနော်။ တနင်္လာနေ့သွားကြ။ ဟိုမှာ အားလုံးစုစည်းပြီးသားနော်။ မစုစည်းရသေးလည်း မင်းပဲ စုစည်းပြီးခေါ်ခဲ့ရမှာပဲ။ သာကေတမှာ နေကြတာများပါတယ်

လှမင်းနှင့်သန်းမောင်တို့နှစ်ယောက် အိမ်ထောင်သည် များကိုခေါ်ရန် ရန်ကုန်သို့သွားကြမည်။ အလုပ်သမားတို့ကား စိတ်အားထက်သန်လာကြသည်။ သူတို့သားမယားများ ရောက်ကြတော့မည်။ သောင်းဒန်လည်း ရန်ကုန်သို့  တစ်ခေါက်လောက်ပြန်ချင်သေးသည်။

သို့သော် လောလောဆယ်အားဖြင့် မဖြစ်နိုင်သေး။

အလုပ်သမားအိမ်ထောင်များအတွက် တဲတန်းလျားများ ဆောက်၍ပြီးပြီ။ မူလရှိသော စိမ့်မြိုင်ဆောင်နှင့် စင်ရော်ဆောင် တို့အပြင် သောင်ဦးဆောင်၊  ရေပြာဆောင်၊ ဂူထွတ်ဆောင်ဟူ၍ အဆောင်သုံးခု တိုးချဲ့ဆောက်သည်။ တစ်ဖန် စင်ရော်၊ စိမ့်မြိုင်၊ ဂူထွတ်တို့နှင့်ယှဉ်လျက်    အရှေ့ဘက်တွင်အင်ဂျင်နီယာ အိမ်ထောင်များအတွက် အိမ်ငယ်ကလေး၊ ငါးလုံးဆောက်သည်။ တံတားထိပ်တည့်တည့် ကုန်းထက်တွင်ကား ရုံးအဆောက်အအုံတစ်ခု။  ရုံး၏တောင်ဘက်တွင်စတို

ကြီးတစ်ခု။ သည့်တောင်ဘက်တွင် ဘိလပ်မြေထားရန် သွပ်ဂိုဒေါင်တစ်ခု။ လူနေတန်းလျားများနှင့် သွပ်ဂိုဒေါင် အကြားတွင် ဆေးပေးခန်းတစ်ခု။ ရဲဘော်များအတွက် တောင်ခြေနှင့်ကပ်လျက် တဲတန်းလျားတစ်ခု။ တောင်

ဘက်ကုန်းထိပ်တွင် မီးစက်ထားရန် အဆောက်အအုံတစ်ခု။  ရုံးဘေးတောင်ကုန်းခြေရင်းတွင် အလုပ်ရုံနှင့်  ပန်းပဲဖိုအတွက် တန်းလျားကြီးတစ်ခုဆောက်နေသည်။

ယင်းတို့ကို တစ်ပြိုင်တည်းဆောက်နိုင်သည်မဟုတ်။

တစ်ခုပြီးတစ်ခုဆောက်ခြင်းဖြစ်သည်။ ဤအဆောက်အအုံများအနက် လူနေတန်းလျားနှင့် အိမ်များကို မူဦးစားပေး၍ ဆောက်လုပ်ကြသည်။ သောင်းဒန်၏ ရုံးကိုမူ ယာယီရုံးအဖြစ် အဆောက်အအုံသစ် တစ်ခုပြီးလျှင် တက်၍ရုံးဖွင့်သည်။ 

ဆက်လက်ဖော်ပြပါမည်။