ရာသီဥတုပြောင်းလဲမှုနဲ့အတူထွက်ပေါ်လာတဲ့ သမုဒ္ဒရာရေပြင်အောက်က ချိန်ကိုက်ဗုံး

 

ရာသီဥတုပြောင်းလဲမှုနဲ့အတူထွက်ပေါ်လာတဲ့ သမုဒ္ဒရာရေပြင်အောက်က ချိန်ကိုက်ဗုံး

တစ်နေ့တခြား အပူချိန်တွေမြင့်တက်ပြီး    ပြောင်းလဲလာတဲ့ရာသီဥတုကြောင့် သက်ရှိများနေထိုင်ကျက်စားရာ ဤကမ္ဘာ မြေပြင်ကြီးဟာလည်း   ပြောင်းလဲမှုတွေများစွာဖြစ်ပေါ်လာပါတယ်။

ပြောင်းလဲမှုတွေထဲက တချို့ကို ထုတ်နုတ်ပြရရင် ရာသီဥတုတွေမမှန်တော့သလို အချိန်အခါမဟုတ်  မုန်တိုင်း ဖြစ်ပေါ်မှုတွေနဲ့အတူ ပြင်းထန်တဲ့မိုးလေဝသအခြေအနေများဖြစ်ပေါ်လာတာ   အားလုံးမျက်မြင်ပဲမဟုတ်လား။

အခုလည်း သုတေသနပညာရှင်တချို့ရဲ့ လေ့လာတွေ့ရှိချက်တွေက ရာသီဥတုပြောင်းလဲမှုနဲ့အတူ ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ သဘာဝအခြေအနေတစ်ရပ်နဲ့ ဆက်စပ်နေတာကို မြင်တွေ့ရပါတယ်။

ကျွန်တော်တို့နေထိုင်ရာ  ဤကမ္ဘာမြေပြင်ကြီးရဲ့အောက်မှာ မီသိန်းဓာတ်ငွေ့တွေရှိကြပါတယ်။ အထူးသဖြင့် သမုဒ္ဒရာ ရေပြင်အောက်မှာ အေးခဲမီသိန်းဓာတ်ငွေ့တွေ အမြောက်အမြားရှိနေတာပါ။

မီသိန်းဓာတ်ငွေ့ဆိုတာ  ယနေ့ကမ္ဘာကြီးကို ရာသီဥတုပြောင်းလဲမှုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေထဲမှာ တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

ဒီတော့ အဲဒီမီသိန်းဓာတ်ငွေ့တွေသာ အရည်ပျော်ပြီး သမုဒ္ဒရာရေပြင်အထက်ကို တက်လာမယ်ဆိုရင် ယနေ့ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေအနေကလည်း ဒီထက်မက ပိုပြီးဆိုးလာဖို့သာရှိပါတော့တယ်။

အခုလိုပြောင်းလဲမှုကို တွေ့ရှိလာသူက နယူးကာဆယ်တက္ကသိုလ်က ဦးဆောင်တဲ့ နိုင်ငံတကာ သုတေသနပညာရှင်အဖွဲ့ ဖြစ်ပါတယ်။

အခုဆိုရင် အဲဒီမီသိန်းဓာတ်ငွေ့တွေက သူတို့တည်ရှိနေတဲ့နေရာကနေ ထွက်လာပြီး တခြားနေရာတွေဆီကို ရောက်လာပြီလို့တောင်မှ သုတေသနပညာရှင်များက ဆိုထားပါတယ်။

အဲဒီလိုတခြားနေရာတွေဆီရောက်လာတဲ့ မီသိန်းဓာတ်ငွေ့အစုအဖွဲ့တစ်ခုဟာ မူလနေရာကနေ ၂၅ မိုင်အကွာလောက်အထိကိုရောက်လာတယ်လို့လည်း သုတေသနပညာရှင်များက တွေ့ရှိထားပါတယ်။

နောက်ထပ်ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေက  ရာသီဥတုပူပြင်းမှုကြောင့် မီသိန်းဓာတ်ငွေ့တွေ ထွက်လာမယ်။ မီသိန်းဓာတ်ငွေ့တွေထွက်လာမှုကြောင့်   ရာသီဥတုပိုပူလာမယ်။ ဒီလိုနဲ့သံသရာလည်သွားမှာပါ။

ကျွန်တော်တို့ ကမ္ဘာကြီးရဲ့သဘာဝက အင်မတန်မှကိုမျှတမှုရှိပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင် အလွန်တရာပူပြင်းလှတဲ့ မီသိန်းဓာတ်ငွေ့တွေကို အေးခဲဓာတ်ငွေ့ပုံစံနဲ့သာမက ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်အောက်မှာပါ သိမ်းဆည်းထားလို့ပါ။

သိပ္ပံပညာရှင်များကတော့   အဲဒါကို မီးရေခဲလို့ခေါ်ကြပါတယ်။ ဆိုလိုတာက သူတို့သည်အေးခဲနေပေမယ့်    မီးလိုမျိုး ဂုဏ်သတ္တိရှိတယ်လို့ဆိုလိုတာပါ။

ဒါပေမဲ့ ပင်လယ်ရေတွေက ပူနွေးလာတဲ့အခါ ရေခဲအရည်ပျော်စေတဲ့ သဘောတရားအရ အေးခဲနေတဲ့ မီသိန်းဓာတ်ငွေ့တွေအရည်ပျော်ပြီး ပင်လယ်ရေအတွင်းနဲ့ လေထုထဲကိုစီးဝင်လာပါတယ်။  အဲဒီကနေမှတစ်ဆင့် ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။  အပေါ်မှာပြောခဲ့သလိုမျိုးပေါ့။

နိုင်ငံတကာသုတေသနအဖွဲ့မှ  သိပ္ပံပညာရှင်များဟာ အဆင့်မြင့်သရီးဒီမြေမျက်နှာပြင်ပုံဖော်တဲ့စနစ်ကို အသုံးပြုပြီး မီသိန်းဓာတ်ငွေ့တွေရဲ့  ရွေ့လျားမှုကိုတိုင်းတာခဲ့ကြတာပါ။

အဲဒီလိုတိုင်းတာတဲ့အခါ အပေါ်မှာပြောခဲ့တဲ့ ၂၅ မိုင်လောက်ရွေ့လျားသွားတဲ့ မီသိန်းဓာတ်ငွေ့အစုအဖွဲ့ကို တွေ့ရှိခဲ့ကြ တာပဲဖြစ်ပါတယ်။ ဒါဟာ   အရင်အချိန်တွေတုန်းကဖြစ်ပေါ်ခဲ့တဲ့   ရာသီဥတုပူနွေးမှုကြောင့် ဖြစ်ပေါ်လာတဲ့   ရလဒ်တွေပါပဲ။

သိပ္ပံပညာရှင်များရဲ့ရှာဖွေတွေ့ရှိမှုဟာ သမုဒ္ဒရာပြင်ထဲက ရေတစ်စက်စာပမာဏလောက်သာရှိပါသေးတယ်။ သူတို့မသိနိုင်တဲ့နေရာကနေ အပြင်ဘက်ကိုထွက်လာတဲ့ အေးခဲမီသိန်းဓာတ်ငွေ့တွေ ဘယ်လောက်တောင်မှ များနေပြီလဲ။

ဒီအခြေအနေတွေကို    ထိန်းသိမ်းဖို့အတွက် မိမိတို့အနေနဲ့လုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ရာသီဥတု ပြောင်းလဲမှုကို  လျှော့ချနိုင်ရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချခြင်းပါပဲ။

ဖန်လုံအိမ်ဓာတ်ငွေ့ဆိုတဲ့အထဲမှာ မော်တော်ကားများမှသည် စက်မှုလုပ်ငန်းများအထိကနေထွက်ရှိလာတဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့က အဓိကနေရာက ပါဝင်နေပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာ့သမုဒ္ဒရာရေပြင်အောက်မှာ   ချိန်ကိုက်ဗုံးကြီးတစ်လုံးရှိနေပါပြီ။ အဲဒီချိန်ကိုက် ဗုံးကြီးပေါက်ကွဲမှုကို   သာမန်မျက်စိနဲ့မမြင်နိုင်ပါဘူး။

အဲဒီတော့ အဲဒီဗုံးကြီးက မပေါက်ကွဲပါဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တမ်းမှာ မီးရေခဲလို့အမည်ရတဲ့ ချိန်ကိုက်ဗုံးကြီးက  တဖြည်းဖြည်းချင်း ပေါက်ကွဲလာနေပါပြီ။ ကျွန်တော်တို့လူသား တွေကသာ သတိမထားမိတာပါ။

ဒီအချိန်ဟာ  ကျွန်တော်တို့တတ်နိုင်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးလုပ်ဆောင် မှုကို    ပိုပြီး အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်သင့်တဲ့အချိန်   ဖြစ်နေပြီဖြစ်ကြောင်းနဲ့ စာဖတ်ပရိသတ်များ အားလုံးလည်း တတ်နိုင်တဲ့နေရာမှ တစ်တပ်တစ်အား ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။         

  Ref: SciTechDaily