ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)သို့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြ

 

ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)သို့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကား ပြောကြား

နေပြည်တော်  ဇွန်  ၂၇

 

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄)ကို  ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ရုံးအမှတ်(၃) ညီလာခံခန်းမ၌ ကျင်းပရာ   ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး   တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့  ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေး နှင့်  ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီငါးခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ DEDC joint Task Force မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ   ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက   ဒစ်ဂျစ်တယ် နည်းပညာကို   အကျိုးရှိရှိ အသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အဦနှင့် ကုန်သွယ်ရေး၊ ပညာရေး၊  လူမှုရေးအစရှိသည့် နယ်ပယ်အသီးသီးတွင် ဒစ်ဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီကူးပြောင်းဆောင်ရွက်ကြခြင်းအားဖြင့်    နိုင်ငံ၏ Digital Economyကို ဖွံ့ဖြိုးတိုးတက်လာစေပြီး The Global Value Chain ဟုခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ    တန်ဖိုးကွင်းဆက်ကို ချိတ်ဆက်တိုးတက်လာနိုင်မည်  ဖြစ်ပါကြောင်း။

Digital Transformation လုပ်ငန်းများ အောင်မြင်ရန်အတွက်    လူ့စွမ်းအားအရင်းအမြစ် (Human Capital)ကို ပြုစုပျိုးထောင်ပေးရန်  အလွန်အရေးကြီးကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကဏ္ဍစုံကို Digital Transformation ဆောင်ရွက်ခြင်းဖြင့်   မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေမည့် မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ်မူကြမ်း) (Myanmar Digital Economy Roadmap 2030)(Final Draft) ကို ယနေ့အစည်းအဝေးတွင် အတည်ပြုနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များဖြင့် DEDC ကော်မတီ၏ လုပ်ငန်းရပ်များ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စေရေး အခြားအကြံပြုလိုသည်များကိုလည်း ပွင့်လင်းစွာတင်ပြပေး ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခင်က ရေးဆွဲခဲ့သည့် မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉)ရပ်ပါ စီးပွားရေးဦးတည်ချက် (၃) ရပ်နှင့်အညီ ဖြစ်စေရေး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(World Trade Organization-WTO) နှင့်  ဒေသတွင်းအာဆီယံတို့တွင် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့်  E-Commerce & Digital Economy ဆိုင်ရာ ကတိကဝတ်များနှင့် ကိုက်ညီစေရေး၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် Action Plan  များကို  ခေတ်ကာလနှင့်အညီ လက်တွေ့တွင် အမှန်တကယ်ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့်  လုပ်ငန်း စဉ်များ ဖြစ်စေရေးအတွက်   ပြန်လည်ပြင်ဆင်၍   မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ်မူကြမ်း) ((Myanmar Digital Economy Roadmap 2030) (Final Draft) အဖြစ် ရေးဆွဲထားပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါ လမ်းပြမြေပုံပါ လုပ်ငန်းရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့်  လုပ်ငန်းကော်မတီများအလိုက် လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြစေလိုကြောင်း   ပြောကြားသည်။

ယင်းနောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ လက်အောက်ရှိ လုပ်ငန်းကော်မတီ (၅) ခုတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ  လုပ်ငန်းကော်မတီအလိုက်  ယခင်အစည်းအဝေး   ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊  ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများနှင့်   ပြန်လည်သုံးသပ်ပြင်ဆင် ရေးဆွဲထားသည့် မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ်မူကြမ်း)နှင့်စပ်လျဉ်း၍      ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍    အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒစ်ဂျစ်တယ်စီးပွားရေး    ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်နေမှု   အခြေအနေများကို  သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီနာယကက   ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီနာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက   နိဂုံးချုပ ်အမှာစကားပြောကြားပြီး    အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးတွင် ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲထားသည့် မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ်မူကြမ်း) (Myanmar Digital Economy Roadmap 2030) (Final Draft))   ကို Living Document  အဖြစ် အတည်ပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ချမှတ်ခဲ့ကြကြောင်း      သိရသည်။