ရုရှားမဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့က စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိ

 

ရုရှားမဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့က စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိ

 

    ရုရှားမဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့သည့် Yars    အမျိုးအစားမြေပြင် အခြေပြု ဒုံးကျည်စနစ်များ ပါဝင်သည့်   စစ်ရေးလေ့ကျင့်မှုများကို ဆိုက်ဘေးရီးယား အရှေ့ တောင်ပိုင်း၊ အာကွတ်စ်ဒေသ၌ လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဇွန်လ ၂၆ ရက်တွင် ဖော်ပြသည်။

အဆိုပါစစ်ရေး လေ့ကျင့်မှုများသည် ရုရှားက လုပ်ဆောင်မည်ဟု စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုများဖြစ်ပြီး   စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားမဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့မှ စစ်သည်များက ခရီးအကွာအဝေး ၁၀၀ ကီလိုမီတာအထိ ချီတက်ခြင်း၊ တပ်ဖွဲ့ဝင်များ၏   နေရာယူမှုများကို အပြောင်းအလဲပြုလုပ်ခြင်း၊ ဖြန့်ခွဲနေရာ ယူခြင်း၊ စစ်သည်နှင့်လက်နက်ပစ္စည်းများအား ရန်သူက ရှာဖွေခြင်းမပြုနိုင်ရန် ပုံဖျက်ခြင်း၊ တိုက်ပွဲဝင်နှင့် လုံခြုံရေး အစီအမံများကို လေ့ကျင့်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA  Novosti သတင်း အေဂျင်စီက ဖော်ပြသည်။

စစ်ရေးလေ့ကျင့်မှုများအတွင်း    ဒုံးပျံတပ်ဖွဲ့များနှင့် တပ်ဖွဲ့ခွဲများအနေဖြင့် ၎င်းတို့၏ ဒုံးကျည်စနစ်များအား   ရန်သူမမြင်နိုင်စေရန်နှင့် ပုံဖျက်စွမ်းရည် တိုးတက်စေရန်အတွက်  သစ်တောထူထပ်ရာ ဒေသအတွင်းသို့    ဖြန့်ခွဲနေရာချမှုများကိုပါ လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့အနေဖြင့်လည်း  အဖျက်အမှောင့်နှင့် ကင်းထောက်ရေး အဖွဲ့များ၏ ခြိမ်းခြောက်မှု အန္တရာယ်   ကိုင်တွယ်ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ လေ့ကျင့်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။