တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြမည့် မျိုးဆက်သစ်များ

 

တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြမည့် မျိုးဆက်သစ်များ

 

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ရည်ရွယ်၍  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတွင် အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို  ဇွန်လ ၂၈ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကျင်းပပြုလုပ်သည်။ သင်တန်းအမှတ်စဉ် (၃)ကိုလည်း ဇွန်လ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းဆင်းများအနေဖြင့်  သင်တန်းပြီးမြောက်၍ နိုင်ငံ့သားကောင်း လူငယ်များအဖြစ်  နိုင်ငံ့တာဝန်ကို ဂုဏ်ယူစွာ ထမ်းဆောင်နိုင်ပြီဖြစ်သည်။

နိုင်ငံသားတိုင်းက မိမိတို့နေထိုင်သည့်နိုင်ငံကိုကာကွယ်ရမည်မှာ  မွေးရာပါတာဝန်ဖြစ်သည်။   အရွယ်ရောက်သူ မှန်သမျှ စစ်မှုထမ်းကြရေးမှာ   ယနေ့မှပေါ်ပေါက်လာသည့် ကိစ္စရပ်မဟုတ်ပေ။   လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို ပြန်လည်လေ့လာပါက ဒီဗမာပြည်ကို ကျုပ်တို့လွတ်လပ်ရေးရတဲ့ အခါမှာ ကျုပ်တို့ဗမာ တွေကသာလျှင် ဗမာပြည်ကို ကာကွယ်ရမည့်တာဝန်ဟာ အဓိကဖြစ်တယ်။ တိုင်းပြည်ကာကွယ်ဖို့အတွက် စစ်သားလျော့နည်း နေတယ်ဆိုရင် ဗမာတိုင်း၊ ဗမာတိုင်း အရွယ်ရောက်တဲ့ သူမှန်သမျှ၊ ကျန်းမာတဲ့လူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ ဥပဒေနဲ့စစ်ထဲကို ထည့်ရလိမ့်မယ်။ နှစ်နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြောကြားခဲ့သည်။ 

မြန်မာတို့သည် မျိုးချစ်စိတ်ထက်သန်သည့် လူမျိုးများ ဖြစ်ကြသည့်အတိုင်း မိမိနိုင်ငံကို မိမိတို့ကာကွယ်ရန် ကိုယ်ပိုင်ဆန္ဒဖြင့် တပ်မတော်သို့ ဝင်ရောက်ခဲ့ကြသည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်း ရောင်စုံသောင်းကျန်းသူများ၊ ပြည်ပကျူးကျော်မှုများကို သတ္တိရှိရှိဖြင့် ရင်ဆိုင်တိုက်ခိုက်၍ အောင်ပွဲခံနိုင်ခဲ့သည်။

တပ်မတော်သားတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ အစဉ်အမြဲ ထက်သန်လျက်ရှိသည်။ ထို့အတူ တပ်မတော်သို့ ကိုယ်ပိုင်ဆန္ဒပြုဝင်ရောက် အမှုထမ်းသူများမှာလည်း  စဉ်ဆက်မပြတ်ရှိနေသည့်အတွက်  တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံ စွမ်းဆောင်လျက်ရှိသည်။ သို့သော်လည်း အချိန်ကြာလာသည့်အခါ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ စစ်မှုထမ်းများ၏အလုပ်သာဖြစ်သည်။ ငါတို့နှင့်မဆိုင်ဘူးဆိုသည့် စိတ်ဓာတ်မျိုးဝင်လာတတ်သည်။ အမှန်ကနိုင်ငံတော်ကာကွယ်ရေးဆိုတာ နိုင်ငံသားတစ်ဦးချင်းစီမှာ တာဝန်ရှိသည်။

ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလကတည်းက ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ခြင်းဖြစ်သည်။  ပြည်သူ့စစ်မှုထမ်းဥပဒေသည်  နိုင်ငံတော်လုံခြုံရေးအတွက်   ရေရှည်စဉ်ဆက်မပြတ် လုပ်ဆောင်ရမည့် အထူးကောင်းမွန်သည့်လုပ်ငန်းစဉ် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ အားလုံးတွင် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးစွမ်းအားစုများ စုဆောင်းနိုင်ရန်  စစ်မှုထမ်းဥပဒေများ ထုတ်ပြန်ကျင့်သုံးလျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတိုင်းတွင် လိုအပ်သည့်အတွက် ထုတ်ပြန်ကြရခြင်း ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးအမြင်နှင့်  အတတ်ပညာများမှာ  ပြည်သူများ အားလုံးသိသင့်သိထိုက် သိရမည့်ပညာရပ်များ ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာသည့်အတွက် နိုင်ငံသားအားလုံး မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည့် ပုံစံမဟုတ်ဘဲ လိုအပ်သလောက်သာ အကန့်အသတ်နှင့် တာဝန်ထမ်းဆောင်ရမည့်ပုံစံ ဖြစ်သည်။ အသက်အရွယ်အရ အကျုံးဝင်သူ စစ်မှုထမ်းဆောင်နိုင်သည့် အမျိုးသား၊ အမျိုးသမီးအားလုံး တစ်ပြိုင်တည်း တာဝန်ထမ်းဆောင်ရမည် မဟုတ်ဘဲ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် သတ်မှတ် အသက်အပိုင်း အခြားအတွင်းက စိစစ်ပြီးခေါ်ယူခြင်းဖြစ်သည်။ စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခံရသူများ အားလုံးမှာ လက်ရှိတပ်မတော်သားများနည်းတူ ရသင့်ရထိုက်သည့်  ရိက္ခာ၊ လစာ၊ ခံစားခွင့်များရရှိကြမှာ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့တက်ရောက်နေသူအများစုမှာ မိမိတို့ဆန္ဒသဘောထားအရ ဝင်ရောက် လာကြသူများဖြစ်သည်။ တချို့မှာ ပထမအပတ်စဉ်တွင်လူပြည့်သွား၍ နောက်သင်တန်း အပတ်စဉ်ကို စောင့်နေရသူများ ရှိကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ  တာဝန်ထမ်းဆောင်ကြမည့်  လူငယ်များမှာ  နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြမည့်  နိုင်ငံသားကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာ မြင့်မားနေမှာ ဖြစ်သလို မိမိတို့တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။  စိတ်ဓာတ်ကောင်းမွန်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်အပေါ် သစ္စာစောင့်သိခြင်း စသည့် အရည်အချင်း များလည်း တိုးပွားလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  မိမိနိုင်ငံကိုမိမိတို့ ကာကွယ်ရခြင်းမှာ ထူးခြားလေးနက် မွန်မြတ်သော တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်၍ အလွန်ပင် ဂုဏ်ယူဖွယ်ကောင်းလှပေရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြမည့် မျိုးဆက်သစ်များအဖြစ် ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပေသည်။  ။