ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်
နေပြည်တော် ဇွန် ၂၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ် နန်းချန်းမြို့တွင် ဇွန်လ ၂၆ ရက် ညနေပိုင်းက ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများ အဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဇွန်လ ၂၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယအတွင်းရေးမှူး Ye Jianchun တို့က ညီလာခံကိုဖွင့်လှစ်ပေးကြပြီး ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် ကျန်းရှီးပြည်နယ်ကော်မတီ အတွင်းရေးမှူး Yin Hong က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ညီလာခံတွင် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ တိုင်းရင်းဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေး အဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးနှင့်ပတ်သက်၍ ဘက်စုံကဏ္ဍစုံမှ စဉ်းစားသုံးသပ်မှုများလုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း၊ အထူးသဖြင့် သိပ္ပံနည်းကျသုတေသနတွင် ရင်းနှီးမြှုပ်နှံပြီး ခေတ်မီနည်းပညာများ အသုံးပြုခြင်းဖြင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် သုံးစွဲနိုင်မှုတို့ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာ၏ မူပိုင်ခွင့်ဆိုင်ရာ စံသတ်မှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းသည်အရေးကြီးကြောင်း၊ ယနေ့ကျင်းပသော ညီလာခံသည် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများအကြား တိုင်းရင်းဆေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် နားလည်ယုံကြည်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မောလ်ဒိုက်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ်တို့ကလည်း အမှာစကား ပြောကြားခဲ့ကြသည်။
ညီလာခံသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။