၂၆-၆-၂၀၂၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ဘဏ်များနှင့် ပတ်သက်သည့် ဖော်ပြချက်များအပေါ် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက်
ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြ ထားပါသည်။
နိုင်ငံပိုင်ဘဏ်များ အပါအဝင် ပြည်တွင်းဘဏ်များ အားလုံးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များအား သေချာစွာ စိစစ်ရယူခြင်းဆိုင်ရာ Due Diligence Procedure များကို တိကျစွာလိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံပိုင်ဘဏ်များ အပါအဝင် ပြည်တွင်းဘဏ်များ အားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် အထောက်အထားများအား ရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence - EDD) အား ကောင်းစွာ ဆောင်ရွက်လျက်ရှိပါသည်။
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှု အစီရင်ခံစာများကို အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (APJG) သို့တင်ပြချက်များနှင့် မျက်နှာချင်းဆိုင် အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များအရ FATF နှင့် APJG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၉-၆-၂၀၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများမှာလည်း မြန်မာနိုင်ငံသားများအတွက် အဓိကမရှိမဖြစ် လိုအပ်သော အခြေခံကုန်စည်များ ဖြစ်သည့် ဆေးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ စားသုံးဆီများ တင်သွင်းမှုများအတွက် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဘဏ်များအနေဖြင့် ယင်းကုန်စည်များတင်သွင်းခြင်းအတွက် ငွေပေးချေမှုများ ပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံစာရွက်စာတမ်းအထောက်အထားများရယူ၍ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါသည်။
သို့ပါ၍ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန်တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း အများပြည်သူ သိရှိစေရန် အသိပေး ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
မြန်မာနိုင်ငံဘဏ်များအသင်း
နိုင်ငံပိုင်ဘဏ်များ
ပုဂ္ဂလိကဘဏ်များ
(၂၈-၆-၂၀၂၄)