ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခင်ဝိုင်းကျေးရွာ ခင်ဝိုင်းကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဉာဏဝံသ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဝနတ်ထံ ပျံလွန်တော်မူ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခင်ဝိုင်းကျေးရွာ ခင်ဝိုင်းကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဉာဏဝံသ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဝနတ်ထံ ပျံလွန်တော်မူ

နေပြည်တော်  ဇွန်  ၂၈

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခင်ဝိုင်းကျေးရွာ ခင်ဝိုင်းကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တဉာဏဝံသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သက်တော် (၈၀)နှစ်၊ သိက္ခာ (၆၀)ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့၊ ည ၆ နာရီ ၇ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက် ဇူလိုင်လ ၅ ရက်၊ သောကြာနေ့၊ မွန်းတည့် ၁၂ နာရီတွင် အန္တိမဈာပနကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။  

နိုင်ငံတော်သြဝါဒါစရိယ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခင်ဝိုင်းကျေးရွာ

ခင်ဝိုင်းကျောင်းတိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တဉာဏဝံသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ၏ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း          

ဆရာတော်လောင်းလျာသည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပဒတ်ခင် ကျေးရွာ၌ ခမည်းတော် ဦးကောင်းစိန် + မယ်တော် ဒေါ်အေးကြည်တို့မှ ၁၃၀၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့တွင် ဖွားမြင်တော် မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း            

ဆရာတော်လောင်းလျာသည် ၁၃၁၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဒတ်ခင်ကျေးရွာ၊ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ် အဘိဓမ္မာ သိပ္ပံကျောင်း ခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တယုဇနကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း               

ဆရာတော်လောင်းလျာသည် ဖြူးမြို့နယ် ပဒတ်ခင်ရွာကျောင်းဆရာတော်ဘဒ္ဒန္တဣန္ဒဝံသ၊ ဘဒ္ဒန္တယုဇန၊ ဘဒ္ဒန္တဇောတိက၊ အုတ်တွင်းမြို့ ကံကလေးတောရကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိက၊ မုံရွာမြို့ မဟာဇောတိကာရာမ ပါဠိတက္ကသိုလ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လစသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း           

ဆရာတော်သည် ဝေးလံခေါင်းပါးသောနယ်စပ်နှင့် တောင်တန်းဒေသများသို့ သာသနာပြုကြွရောက်တော်မူခြင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း သက်တမ်း ၁၀ နှစ်ရှိပြီး နှစ်စဉ် သင်တန်းသား/သူ ၁၀၀ ဦးတို့ အား ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများ သင်ကြားပေးခြင်း၊ ဝိပဿနာတရားစခန်းများ ဖွင့်လှစ်ခြင်း၊ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခြင်း၊ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်းစသော သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူခဲ့ပြီး ယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း           

ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ ခမာ၊ ဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၂၀ ပြည့်နှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း    

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၈၀)နှစ်၊ သိက္ခာ (၆၀)ဝါအရ ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ၂၇-၆-၂၀၂၄ ရက်၊ ကြာသပတေးနေ့၊ ည ၆ နာရီ ၇ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက် ၅-၇-၂၀၂၄ ရက်၊ သောကြာနေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အန္တိမဈာပနကျင်းပမည် ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။