တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် တစ်သိန်းကျော် ဖယ်ရှားနိုင်မည့် စက်ရုံကို တည်ဆောက်နေ
တစ်နှစ်လျှင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် တစ်သိန်းကျော်ဖယ်ရှားနိုင်မည့် Equatic အမည်ရှိ စက်ရုံကို ကနေဒါနိုင်ငံ၌ တည်ဆောက်လျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုက်ဖယ်ရှားရှင်းလင်းရေး စက်ရုံဖြစ်လာမည့် Equatic သည် ပင်လယ်များထက်ပင် ကာဗွန်ဒိုင်အောက်ဆိုက်ကို ပိုမိုစုပ်ယူနိုင်မည်ဖြစ်သည်။
လက်ရှိတွင် ပင်လယ်သမုဒ္ဒရာများသည် လူသားတို့စွန့်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို အများဆုံးစုပ်ယူပေးနေသည့် သဘာဝဖြစ်အကြီးဆုံးသော ကာဗွန်စုပ်ယူစက်ကြီးများ ဖြစ်သည်။
၎င်းင်းတို့က စုပ်ယူဖယ်ရှားပေးနေသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏမှာ လူသားတို့နှစ်စဉ် စွန့်ထုတ်မှု၏ ၂၅ ရာခိုင်နှုန်းသာရှိသည်။
ထို့ကြောင့် ပင်လယ်သမုဒ္ဒရာများ၏ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့စုပ်ယူမှုနည်းလမ်းကို သုတေသနပြုကာ လက်တွေ့အကောင်အထည်ဖော်မည်ဆိုပါက ကမ္ဘာ့လေထုအတွင်းမှ အဆိုပါ ဓာတ်ငွေ့များကို ပိုမိုဖယ်ရှား ပေးနိုင်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်လာသည်။
Equatic ၏ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့စုပ်ယူမှု နည်းလမ်းမှာ ဦးစွာလျှပ်စစ်စီးကြောင်းကို ဆားငန်ရေ အတွင်း ဖြတ်သန်းစေသည်။ ထိုသို့စီးဆင်းမှုကြောင့် ရေကိုဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဟူ၍ ခွဲထုတ်လိုက်သောအခါ ဘေးထွက်ပစ္စည်းအနေဖြင့် အက်ဆစ်နှင့်ဓာတ်ဆားတို့ ရရှိလာသည်။
ကာဗွန်ကိုမူ ရေအတွင်း၌အစိုင်အခဲပုံစံဖြင့် သိမ်းဆည်းလိုက်သည်။ အအေးပေးမျှော်စင်အသုံးပြုခြင်းဖြင့် လေထုအတွင်းမှ နောက်ထပ်ကာဗွန်များကို စုပ်ယူရန် ထိုလုပ်ငန်းစဉ်မှတစ်ဆင့် ဖန်တီးလိုက်သော အယ်လကာလိုင်းများကို အသုံးပြုသည်။
ထိုလုပ်ငန်းစဉ်၏ နောက်ထပ်အကျိုးကျေးဇူးတစ်ခုမှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များ ထွက်လာခြင်းဖြစ်သည်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးခြင်းက လက်ရှိဖြစ်ပွားနေသော ကမ္ဘာကြီးပူနွေးမှုကို အပြည့်အ၀ မတားဆီးနိုင်သည့်အတွက် ထိုကဲ့သို့သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဖယ်ရှား စက်ရုံကို တည်ဆောက်ခြင်းက ရာသီဥတုပြောင်းလဲမှုကို ပိုမိုလျော့ပါးသက်သာ စေနိုင်မည်ဖြစ်သည်။
Ref: IE K.H