နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ဖိလစ်ပိုင်နှင့်ဂျပန်ကျင်းပမည်

 

နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ဖိလစ်ပိုင်နှင့်ဂျပန်ကျင်းပမည်

 

ဒေသတွင်း ကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့ကြား နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး ဝန်ကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၈  ရက်တွင် ထုတ်ပြန်သည်။

နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးများ ပါဝင်သည့် ဆွေးနွေးပွဲကို မနီလာမြို့၌ ဇူလိုင်လ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး   ယင်းဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါ၊ ကာကွယ်ရေးဝန်ကြီး  မီနိုရူ ကီဟာရာတို့ တက်ရောက်၍ ဖိလစ်ပိုင်ဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဖိလစ်ပိုင်နှင့်    ဂျပန်နိုင်ငံတို့ကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့်  သဘော တူညီချက်တစ်ရပ် ချမှတ်ရန် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အဆိုပါ တွေ့ဆုံပွဲကျင်းပမည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  ဖိလစ်ပိုင်နှင့်  ဂျပန်နိုင်ငံတို့မှ တပ်မတော်များကြား ကပ်ဘေးကယ်ဆယ်ရေးတွင် ပူးပေါင်းလုပ်ဆောင်ရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့ဂျူနီယာနှင့် ဂျပန်ဝန်ကြီးချုပ်  ဖူမီအိုကီရှီဒါတို့က  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ အတွင်းက သဘောတူခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည်  တောင်တရုတ်ပင်လယ်အတွင်း၌  မြင့်တက်လာသည့် တင်းမာမှုများကို တုံ့ပြန်ရန်  အိမ်နီးချင်း နိုင်ငံများနှင့်သာမက အခြားနိုင်ငံများနှင့်ပါ ဆက်ဆံရေးတိုးမြှင့်လျက်ရှိသည်။

Ref:ST