
တက်လူတွေ . . .တက်လူတွေ မျိုးဂုဏ်တက်အောင်ရွက်ဆောင်လေ တို့တာဝန်မှန်ပေ
ကျွန်တော်အခုရေးမယ့် ဆောင်းပါးခေါင်းစဉ်က လူတိုင်းသိနေတဲ့ ဇာတိမာန်သီချင်းထဲက စာသားဖြစ်ပါတယ်။
အကြိုက်ဆုံးသီချင်းတွေမှာ တစ်ပုဒ်အပါအဝင်ဖြစ်တဲ့ ဇာတိမာန်ကတော့ ဘယ်အချိန်နားထောင်နားထောင် မရိုးနိုင်တဲ့ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေတဲ့ သီချင်းပဲဖြစ်ပါတယ်။ တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံကိုတည်ဆောက်ကြဖို့၊ ဘိုးဘွားတွေရဲ့အမွေဖြစ်တဲ့ တို့မြန်မာပြည်ကို မျိုးဂုဏ်တက်အောင် ရွက်ဆောင်ကြဖို့ ဆော်သြထားတဲ့ သီချင်းဖြစ်ပါတယ်။ နိုင်ငံတော်သီချင်းလိုပဲ နိုင်ငံသားတိုင်း တန်ဖိုးထားရမယ့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
ရိုးရာအခြေ.. မညှိုးပါသလေ..မျိုးသာကီနွယ်ဆင်းသက်ပေ.. ဒါတို့ရွှေထီး..ဒါတို့မြေကြီး စည်ထီးခရိုင်
ကိုယ်ပိုင်မြန်မာပြည်..တက်လူတွေ..တက်လူတွေ..လုံ့လဝီရိယရှိကြစေ..မျိုးဂုဏ်တက်အောင် ရွက်ဆောင်လေ တို့တာဝန်အမှန်ပေ..အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်..ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ..ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ..တို့ပြည်..တို့မြေ ဒါကတော့ အားလုံးသံပြိုင်သီဆိုရတဲ့ အပိုဒ်က သီချင်းစာသားတွေ ဖြစ်ပါတယ်။
လူငယ်မှန်သမျှဟာ နိုင်ငံတော်အတွက် တက်လူတွေပါပဲ။ ဒါ့ကြောင့် တက်လူတွေမျိုးဂုဏ်တက်အောင် ရွက်ဆောင်ရမှာ ဖြစ်ပါတယ်။ ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဆိုတာ နိုင်ငံတိုင်းမှာ ရှိနေတဲ့ နိုင်ငံသားတိုင်းထားရှိရမယ့် စိတ်ဓာတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံတည်းက တီထွင်ထားတဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီကနေ့ ကမ္ဘာ့အရေးအခင်းတွေကို ကြည့်ရင် ထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။ မိမိနိုင်ငံကို သူတစ်ပါးကျူးကျော် နှောင့်ယှက်လာရင် လက်ပိုက်ကြည့်နေလို့မရပါဘူး။ လက်နက်စွဲကိုင် တိုက်ပွဲဝင်နိုင်သူတိုင်းက တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေအပေါ်မှာ ဗိုလ်ကျစိုးမိုးမှုတွေ၊ မဟုတ်မမှန် သတင်းမှားတွေဖြန့်ပြီး ကျူးကျော်စစ်ဆင်နွှဲနေမှုတွေ ရှိနေပါတယ်။
ဒါ့ကြောင့် လူငယ်မောင်မယ်တွေအနေနဲ့ မိမိနေတဲ့နိုင်ငံရဲ့မျိုးဂုဏ်မြင့်အောင်ရွက်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီလိုရွက်ဆောင်နိုင်ဖို့အတွက် မကြာသေးမီကာလက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အခုမှဖြစ်ပေါ်လာတာမဟုတ်ပါဘူး။၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက ပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်မှာ အာဏာတည်ကြောင်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေဟာ နိုင်ငံတကာဖြစ်စဉ်တွေအရ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေအရ နိုင်ငံတော်လုံခြုံရေးအတွက် ရေရှည်တစိုက်မတ်မတ် ကျင့်သုံး လုပ်ဆောင်ရမယ့် အထူးကောင်းမွန်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
နိုင်ငံတော် ကာကွယ်ရေးအမြင်နဲ့ ကာကွယ်ရေး အတတ်ပညာတွေဟာ နိုင်ငံသားအားလုံး သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်တဲ့ ပညာရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှကို ပေါင်းကူးပေးတဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာနေရာမှာ တည်ရှိပါတယ်။ ဒါ့အပြင် အင်အားကြီးနိုင်ငံတွေ အကြားမှာ တည်ရှိနေတဲ့အတွက် နိုင်ငံတော်ကာကွယ်ရေးဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်အဖြစ် လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာနေသမျှ ဒီနိုင်ငံကို ကာကွယ်စောင့်ရှောက်နေရမှာကတော့ ထာဝရအမှန်တရားပါပဲ။ သတ်မှတ်ချက်နဲ့ပြည့်စုံအရွယ်ရောက်တဲ့သူမှန်သမျှ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင် ကြမယ်ဆိုရင် နောင်နှစ်အနည်းငယ်ကြာတဲ့အခါမှာ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ လူငယ်လူရွယ်တိုင်း စစ်မှုထမ်းဆောင်ပြီးဖြစ်လို့ စစ်မှုထမ်းဆောင်ခြင်းကို ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)နှင့်(၂)ကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး အခုဆိုလျှင် ဇွန်လ ၂၈ ရက်နေ့က သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းခဲ့ပြီး ဖြစ်သလို ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)ကိုလည်း ဇွန်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီကနေ့ ဒီအချိန်အခါမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဖို့ စိတ်အားထက်သန်စွာ လာရောက်နေတဲ့ လူငယ်တွေကိုကြည့်ပြီး နိုင်ငံတော်ရဲ့အနာဂတ်အတွက် အားတက်မိပါတယ်။ သင်တန်းကာလ အတွင်းမှာတော့ သက်ဆိုင်ရာနည်းပြများက နိုင်ငံတော်ရဲ့အားထားရတဲ့ သားကောင်းများဖြစ်လာစေဖို့၊ တပ်မတော်အတွက် စစ်သားကောင်းတစ်ယောက်ပီသစွာဖြစ်လာဖို့ လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ သင်တန်းကာလ(၁၂)ပတ်တာကာလအတွင်း အများနဲ့စုပေါင်းနေထိုင်ခြင်း၊ စုပေါင်းစားသောက်ရခြင်း၊ အချိန်ကာလနဲ့ ကန့်သတ်ထားတဲ့ သင်တန်းချိန်တွေအတိုင်း လေ့ကျင့်ရခြင်း၊ စည်းကမ်းတကျ နေထိုင်ကြရခြင်းတို့နဲ့အတူ သင်တန်းသား အချင်းချင်း ရဲဘော်စိတ်ထားရှိနေကြပြီဖြစ်ပါတယ်။ ရဲဘော်စိတ်ဆိုသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်၏ လို့ကျစ်လျစ်သိပ်သည်းစွာညွှန်းဆိုထားပါတယ်။
သာမန်အရပ်သားဘဝကနေ တပ်မတော်သားအဖြစ်ကို ကူးပြောင်းကြတဲ့အခါစိုးရိမ်ကြောင့်ကြစိတ်တွေရှိနေမှာ အမှန်ပါ။ ငါဒီသင်တန်းကို အောင်မြင်အောင်တက်နိုင်ပါ့မလားလို့ တွေးမိမှာပါ။ ဒါပေမဲ့ လူငယ်တိုင်းမှာ မခံချင်စိတ်ဆိုတာရှိပါတယ်။ သူများလုပ်နိုင်တဲ့အလုပ်ငါလည်း လုပ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ လိုက်ပါ လုပ်ဆောင်တဲ့အခါ အားလုံးဟာ အဆင်ပြေချောမွေ့သွားကြပါတယ်။ တပ်မတော်သားတစ်ဦးဖြစ်လာဖို့ရာ အရေးကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။ ရိုးသားဖြောင့်မတ်တဲ့ စိတ်ဓာတ်တွေရှိသွားမယ်။ လုပ်ရဲရင်ခံရဲတယ် ဆိုတဲ့စိတ်နဲ့ အမှားတစ်ခုခု ပြုမိတယ်ဆိုရင်လည်း ဝန်ခံတတ်သွားမယ်။
နောက်ဆုံးမှာတော့ လူငယ်တွေမှာ ရဲဘော်စိတ်ပြည့်ပြည့်၀၀ ရှိသွားတာ အမှန်ပါပဲ။ ဒါကတော့ တပ်မတော်သား ဖြစ်သူတိုင်း သိနေတဲ့၊ ကြုံတွေ့နေရတဲ့၊ ထားရှိနေရတဲ့ စိတ်ဓာတ်ကောင်းတွေပါပဲ။
လူတိုင်းမှာ ရုပ်ပိုင်းဖွဲ့စည်းမှုနဲ့ စိတ်ပိုင်းဖွဲ့စည်းမှုလို့ရှိနေရာမှာ ထိုနှစ်ရပ်စလုံး ကြံ့ခိုင်မှုရှိရန်အရေးကြီးပါတယ်။ လူအမျိုးမျိုးရှိတဲ့အနက် အသက်ကိုရင်းပြီး ခက်ခဲစွာ တာဝန်ကို ဆောင်ရွက်ကြတဲ့တပ်မတော် သားတွေအဖို့ ရုပ်ပိုင်းကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုပါအခြားသူတွေထက်ပိုပြီး အရေးကြီးပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှ ဇွဲသတ္တိရှိမယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုဟာ မွေးရာပါအရည်အသွေးလို့ မှတ်ယူလို့ မရပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိအောင် လေ့ကျင့်ယူရပါတယ်။ စိတ်ဓာတ်ဆိုတာ အကောင်အထည်ဒြပ်ဝတ္ထုတစ်ခုအနေနဲ့ ကိုင်တွယ်စမ်းသပ်လို့ မရပေမဲ့ မရှိတရားမဟုတ်၊ အရှိတရားဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မြင့်မားသူတွေဟာ မည်သည့် အခက်အခဲကိုတွေ့တွေ့ အရှုံးမပေးဘဲ ဇွဲသတ္တိပြည့်ပြည့်၀၀နဲ့ ရင်ဆိုင်ကျော်လွှားပြီး အောင်ပွဲရလေ့ ရှိပါတယ်။ ဒါတွေကို ပြည်သူ့စစ်မှုထမ်း သင်တန်းသားတွေအတွက် သင်တန်းကျောင်းအသီးသီးက လေ့ကျင့် သင်ကြားပေးထားပြီး ဖြစ်ပါတယ်။
ဒီလိုစိတ်ဓာတ်ကောင်းတွေရှိနေလို့ တပ်မတော်ဆိုတာ နိုင်ငံတော်မှာ အခက်အခဲနဲ့ကြုံလာတိုင်း ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယထားရှိရမှာတော့ စည်းကမ်းပါပဲ။ စည်းကမ်းရှိမှတိုးတက်မည် ဆိုတဲ့အတိုင်း စည်းကမ်းမရှိတဲ့လူ မတိုးတက်ဘူး၊ စည်းကမ်းမရှိတဲ့ အဖွဲ့အစည်းမတိုးတက်ဘူး။ ဒါ့ကြောင့် စည်းကမ်းဟာ တပ်မတော်ရဲ့ကျောရိုး၊ တပ်မတော်ရဲ့အသက်ဝိညာဉ်ဖြစ်ပါတယ်။ စစ်စည်းကမ်းဟာ တပ်မတော်ရှင်သန်ရေး၊ ကြီးပွားရေး၊ တိုးတက်ရေးအတွက် အလွန်လိုအပ်တဲ့အရာဖြစ်ပါတယ်။ စည်းကမ်းဆိုတာ အသေးအဖွဲ ကိစ္စပါမကျန် လေးစားလိုက်နာကြရပါတယ်။ တစ်သွေးတစ်သံ တစ်မိန့်နဲ့အုပ်ချုပ်ရတဲ့ အဖွဲ့အစည်း ဖြစ်လို့လည်း စည်းကမ်းမကောင်းလို့ မရပါဘူး။ တပ်မတော်သား ဖြစ်လာတာနဲ့ စစ်ဘက်ဥပဒေ၊ နယ်ဘက်ဥပဒေဆိုတဲ့ ဥပဒေနှစ်ခုစလုံးကို လိုက်နာရပါတယ်။ စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ ပတ်သက်လို့ တပ်မတော် အက်ဥပဒေပုဒ်မ-၆၅ ဆိုတာရှိပါတယ်။
စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကို ထိခိုက်သော ပြုလုပ်မှုကိုပြုခြင်း၊ စနစ်တကျရှိခြင်းနှင့်စစ်စည်းကမ်းကို ထိခိုက်အောင်ပျက်ကွက်ခြင်းဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ အများဆုံးရရှိနိုင်တဲ့ ပြစ်ဒဏ်ကိုလည်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
တပ်မတော်သားတိုင်းမှာ ရှိရမယ့်တတိယအချက်ကတော့ သစ္စာပါပဲ။ နိုင်ငံတော်အပေါ် သစ္စာစောင့် သိရိုသေခြင်း၊ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေခြင်း၊ ရဲဘော်အချင်းချင်းအပေါ် သစ္စာစောင့်သိခြင်းနဲ့ အထက်အကြီးများနဲ့ ပတ်သက်လို့လည်း အကြီးအကဲများအပေါ် တော်တည့်မှန်ကန်စွာ သစ္စာ စောင့်သိခြင်းတို့ဟာ ထားရှိစောင့်သိရမယ့် သစ္စာတရားတွေဖြစ်ပါတယ်။ တပ်တိုင်းမှာ နံနက်နှင့်ညနေတိုင်း တပ်မတော်သားအားလုံးတန်းစီပြီး သစ္စာလေးချက်ကို ရွတ်ဆိုကြရပါတယ်။ ပြည်သူ့စစ်မှုထမ်း သင်တန်းသားအားလုံးမှာ အထက်ပါ အချက်သုံးချက်နဲ့ ပြည့်စုံသွားပါပြီ။ ပြည့်စုံအောင်လည်း လေ့ကျင့်သင်ကြားပေးပြီးဖြစ်လို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ဟာ ဇွန်လ ၂၈ ရက်နေ့မှာ သင်တန်းပြီးမြောက်ပြီဖြစ်ပါတယ်။
အထက်ကပေးအပ်လာတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အသင့်ဖြစ်နေပါတယ်။
ကြက်ဖသာလျှင်၊ အရုဏ်ရောင်လှ၊ ဝင်းဝါကြ၏။ ဥသြသာလျှင်၊ ရာသီနွေလ၊ ဖူးပွင့်ကြ၏။ ဖားငယ်သာလျှင်၊ အာကာမိုးက၊ မိုးရွာကြ၏။ တက်လူသာလျှင်၊ မြန်မာပြည်လှ၊ အားသစ်ရ၍၊ ဇေယျ အောင်လံ ထူမည်တည်း လို့ဆရာဇော်ဂျီက တက်လူတေးသံအမည်နဲ့ ကဗျာဖွဲ့ဆိုထားပါတယ်။
အခုခါမှာတော့ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်နေကြတဲ့ တက်လူတွေဟာ မြန်မာနိုင်ငံအတွက် အားသစ်တွေပါပဲ။ တက်လူတွေထဲကမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)သင်တန်းသားများဟာ ရဲရဲရင့်ရင့် သင်တန်းပြီးမြောက်ခဲ့ကြပြီဖြစ်လို့ အထက်ကပေးအပ်တဲ့အမိန့်နဲ့ တာဝန်တွေကို မိမိတို့ တာဝန်ကျရာ ဒေသတွေမှာ ကျေပွန်စွာ ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ သက်ဆိုင်ရာအရည်အချင်းတွေအလိုက်၊ တပ်ရင်းတပ်ဖွဲ့ လိုအပ်ချက်အလိုက် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ကြတော့မှာ ဖြစ်ကြလို့ ဘယ်နေရာဘယ်ဒေသမှာဖြစ်ဖြစ် မိမိတို့ကိုသင်တန်းက သင်ကြားပို့ချလိုက်တဲ့ ပညာတွေကို လက်တွေ့နယ်ပယ်မှာ အသုံးချကြရမှာ ဖြစ်ပါတယ်။ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်တွေနဲ့ တပ်မတော်ရဲ့ဂုဏ်၊ နိုင်ငံ့ရဲ့ဂုဏ်ကိုမြှင့်တင်ပြီး ယောက်ျားမြတ်တစ်ဦးအဖြစ် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခြင်းမှာ တကယ့်ကိုဂုဏ်ယူဖွယ်ကောင်းတဲ့ တာဝန်ထမ်းဆောင်မှုပါပဲ။
စစ်သည်တော်ဟောင်းတစ်ဦးရဲ့ ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့်ယောက်ျားကောင်း၊ ယောကျ်ားမြတ်ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့ ဆိုတဲ့အတိုင်း နိုင်ငံ့အတွက် သားကောင်းရတနာ၊ ယောက်ျားမြတ်တွေဖြစ်နေကြပါပြီ။ တက်လူတွေ မျိုးဂုဏ်တက်အောင် ရွက်ဆောင်ကြတော့မှာဖြစ်ပါတယ်။
လူငယ်ဆိုတာ ထိုက်သင့်တဲ့ကိုယ်အား၊ ဉာဏ်အားရှိပြီး နုပျိုတဲ့အရွယ်ဖြစ်ပါတယ်။ သွက်လက်၊ ထက်မြက်၊ တက်ကြွတဲ့အရွယ်။ ဘဝအတွက် ရည်မှန်းချက်ထားပြီး ကြိုးစားကြတဲ့ အရွယ်ဖြစ်လို့ အခုအခါမှာ သူတို့ရဲ့တူညီတဲ့ ရည်ရွယ်ချက်ကတော့ ငါ့နိုင်ငံ တော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ဆိုတာပဲဖြစ်ပါတယ်။ စွန့်လွှတ်စွန့်စားတဲ့စိတ်ဓာတ်၊ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်၊ အခက်အခဲကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စိတ်တွေကြောင့် တပ်မတော်သားဘဝကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်တဲ့လူငယ်တွေကို ပြည်သူတွေက ကြိုဆိုလျက်ရှိပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ထွက်လာတဲ့အခါမှာတော့ အကြမ်းဖက်အဖျက်သမားအပေါင်းအပါတွေက မကောင်းတဲ့အမြင်နဲ့ပဲသတင်းအတု၊ အမှားတွေ ထုတ်လွှင့်ပါတယ်။ ဘယ်နေရာမှာတော့ ဘယ်သူ့ကို စစ်မှုထမ်းဖို့
ခေါ်သွားပြီဆိုတာမျိုးကနေ လိမ်နည်းအမျိုးမျိုး လွှင့်ထုတ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်မြေပြင်က သတင်းအမှန်တွေမှာ ပြည်သူ့စစ်မှုထမ်းဖို့ စာရင်းပေးသွင်းထားသူတွေများနေလို့လတ်တလောမှာ အမျိုးသားတွေသာ ခေါ်ယူပြီး အမျိုးသမီးတွေကို မခေါ်ယူနိုင်သေးပါဘူး။ ဒါကဖြစ်ရပ်မှန်။ ပြည်ပက သွေးထိုးမြှောက်ပင့်ပေးနေတဲ့ နိုင်ငံအချို့အနေနဲ့ မြန်မာနိုင်ငံမှာ တပ်မတော်အင်အားရှိနေမှာကိုမလိုလားပါဘူး။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့အတိုင်း တိုင်းပြည်အင်အားရှိနေတာကိုလည်း မလိုလားပါဘူး။ ဒါ့ကြောင့်အဖျက်အမှောင့်လုပ်ရပ်တွေကို လုပ်ဆောင်နေသမျှ ရေငုံနှုတ်ပိတ်နေတာဖြစ်ပါတယ်။ တပ်မတော်သားအဖြစ်အမှုထမ်းတဲ့အခါ ရိက္ခာ၊ လစာ၊ ခံစားခွင့်တွေ အပြည့်အဝရရှိနေမှာ ဖြစ်ပါတယ်။
အရပ်စကားနဲ့ ပြောရရင်တော့ လူလိုသူလို နေထိုင်ကြရတာဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက် သမားတွေနဲ့ သောင်းကျန်းသူတွေဆိုတဲ့ အကြမ်းဖက် အဖျက်သမားတွေအနေနဲ့ ပြည်သူတွေ နိုင်ငံတော်ကာကွယ်ရေး ပညာတွေတတ်မြောက်ပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းဆောင်လာကြမှာကို အလွန်စိုးရိမ်ကြောက်လန့်နေတဲ့အတွက် မမှန်သတင်းတွေလွှင့်နေတာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမယ့်လူငယ်များဟာ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြတဲ့ နိုင်ငံ့သားကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်မှာ ဖြစ်သလို စစ်မှုထမ်းဆောင်စဉ်ကာလအတွင်းမှာ စည်းကမ်းကောင်းမွန်ခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရင့်ကျက်မှုပိုမိုရရှိလာပြီး မိမိကိုယ်ကိုယုံကြည်မှု၊ ဇွဲလုံ့လရှိမှုနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ တိုးတက်ရရှိလာမှာအမှန်ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့တပ်မတော်အတွက်အားထားရတဲ့ နိုင်ငံ့သားကောင်းများဖြစ်လာကြတော့မှာပါ။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်း ဆင်းတပ်မတော်သား အပေါင်းကို နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြပါတယ်။
ဒါ့ကြောင့်မို့ တက်လူတွေ...တက်လူတွေအမျိုးဂုဏ်တက်အောင် ရွက်ဆောင်လေတို့တာဝန်မှန်ပေ လို့ ရေးသားဂုဏ်ပြုလိုက်ပါတယ်။ ။
ဘုန်းမောင်ဝင်း