စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဇွန် ၂၈
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက မင်္ဂလာကန်အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်ကောင်ရေ ၃၅၀၀၀ ကျော် စိုက်ထည့်ပေးကြသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်
နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရေးနှင့် သက်ရှိလူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား အချိုးညီစွာ တည်ရှိနေသော ဂေဟစနစ် ရေရှည်တည်တံ့နိုင်စေရေးအတွက် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။