ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက  ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌  ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အထိုက်အလျောက် တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်သည့်အတွက် လွိုင်ကော်မြို့နယ်တွင် နေရပ်ပြန်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ပြန်လည်ဝင်ရောက်နေထိုင်၍ တာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း နေထိုင်သူပြည်သူလူထု၏ အကျိုးစီးပွားရှေးရှု၍ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား လုပ်ငန်းကော်မတီ၊  ဆပ်ကော်မတီများအလိုက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် လိုအပ်ချက်များဖြစ်သော လုံခြုံရေး၊ ရေ/မီးရရှိရေး၊  သန့်ရှင်းသာယာလှပရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများ  ရာနှုန်းပြည့်ဖွင့်လှစ် တာဝန်ထမ်းဆောင်နိုင်ရေး   ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်   လုပ်ငန်းကော်မတီ၊  ဆပ်ကော်မတီများအလိုက် ဒေသဖွံ့ဖြိုးရေးနှင့်    ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက  လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက  ပြန်လည်ဝင်ရောက်လာသူများ စိစစ်လက်ခံရေးဆိုင်ရာကိစ္စရပ်များနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ

အားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက ပညာရေး၊  ကျန်းမာရေး၊  သာသနာရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက အုပ်ချုပ်၊ ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် ဒေသကွပ်ကဲရေးမှူးက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)