နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ

 

နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၂၅ ရက်က ကျင်းပသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း မိမိစာသင်ခန်းအတွင်း၊ မိမိကျောင်းဝင်းအတွင်း အမှိုက်ပစ်ခြင်း၊ စာသင်ခုံများအပေါ်တွင် ရေးခြစ်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းက အစ လုံးဝမပြုလုပ်ရန် ကျောင်းစည်းကမ်း လိုက်နာခြင်းမှ အစပြုပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာကြစေရန် လေ့ကျင့်ပေးသွားကြရမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ လူ့ဘဝအစ ပထမအရွယ်များဖြစ်ကြသည်။ ပထမအရွယ်သည် ပညာရှာမှီးကြရမည့်အရွယ်ဖြစ်သည်။ ထိုသို့ပညာရှာမှီးသည့်အရွယ်မှစပြီး စည်းကမ်းလိုက်နာမှု ရှိကြရန်လိုအပ်သည်။ စည်းကမ်းဟူသည် လူ့တန်ဖိုးဖြစ်သည်။ စည်းကမ်းရှိမှတိုးတက်မည် ဟူသောစကားသည် စည်းကမ်း၏ တန်ဖိုးကို ညွှန်းဆိုခြင်းဖြစ်သည်။ မိဘရင်ခွင်မှ ဆရာ၊ ဆရာမများ၏ ရင်ခွင်သို့ ရောက်လာကြသူများကို ဆရာ၊ဆရာမများက အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမဆိုသည့်အတိုင်း ပညာလည်းသင်၊ စိတ်ကိုလည်းပြုပြင် ပေးကြရမည်ဖြစ်သည်။ စိတ်ကိုပြုပြင်ခြင်းဆိုသည်မှာ စည်းကမ်းရှိအောင် နေထိုင်တတ်အောင် နည်းလမ်းပြခြင်းဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်စွာ တည့်မတ်ပေးနိုင်သည်မှာ ဆရာ၊ဆရာမများသာဖြစ်သည်။ အမူအကျင့်ကောင်းများ ဖြစ်သည့် ယဉ်ကျေးလိမ္မာစေရန်၊ ရိုးသားဖြောင့်မတ်စေရန်၊ စိတ်ထားဖြူစင်ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန်၊ ပြည်သူ့နီတိနှင့်အညီ  ပြုမူနေထိုင်တတ်ရန် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်ရှိရန်၊ အချိန်ကိုလေးစားရန်၊ စုပေါင်းဆောင်ရွက်တတ်ရန်၊ အတ္တ ပရမျှတရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိရန် စသည့်စိတ်ဓာတ်ကောင်းများနှင့်  အမူအကျင့်ကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။ သို့မှသာ ဆရာကောင်းတပည့်ပန်းကောင်းပန် ဆိုသကဲ့သို့ အနာဂတ်တွင် လူတော်လူကောင်းလေးများ ဖြစ်လာပေလိမ့်မည်။

ပညာရေးတွင်လည်း ထူးချွန်ထက်မြက်ပြီး စိတ်ဓာတ်၊ စည်းကမ်းလည်း ကောင်းမွန်မည်ဆိုပါက မိမိတို့ရည်မှန်းထားသည့် ပန်းတိုင်ခရီးသို့လွယ်ကူစွာ ရောက်ရှိလိမ့်မည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတို့၏ အနာဂတ်သည် နိုင်ငံတော်၏ အနာဂတ်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အင်အားသည်  ပညာအပေါ်တွင် အခြေခံသည်။

ဗလငါးတန်ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံ၏ အနာဂတ်ကောင်းများကို   ဖန်တီးပုံဖော်နိုင်သူများဖြစ်သည်။  မိဘများက သားသမီးများ လူလားမြောက်အောင်  ကျွေးမွေးပြုစုယုယကြသည်။ ပညာသင်ယူရမည့် အရွယ်ရောက်သည့်အခါ  နွေးထွေးသည့် မိဘရင်ခွင်မှခွာပြီး စာသင်ကျောင်းဆီ ဦးတည်ကြရသည်။ မိဘရင်ခွင်ပြီးပါက ဆရာ့ရင်ခွင်သည်  ကျောင်းသားလူငယ်များ အတွက် ဒုတိယရင်ခွင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယမိဘများပင်ဖြစ်ကြသည်။

မြန်မာ့ယဉ်ကျေးမှုတွင်  အနန္တောအနန္တဂိုဏ်းဝင် ဆရာသခင်ကျေးဇူးရှင်ဟု ဆရာကို အလေးအမြတ်ထားပြီး နှလုံးသွင်းချစ်ခင်ရိုသေကြသည်။ တပည့်များကို ပညာပေးဝေသူ၊ ပညာဖြင့် တပည့်များ၏ ဘဝကိုရှင်သန်စေသူများဖြစ်ကြသည်။ မိမိ၏တပည့်များ ပညာတတ်များဖြစ်လာအောင် လိမ္မာယဉ်ကျေးသူများ ဖြစ်လာအောင် ဦးဆောင်လမ်းပြ သင်ကြားပေးကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် သိခြင်းတို့ဖြစ်သည်။ ပညာသင်ကြားခြင်းကို ကျောင်းသင်ခန်းစာများကို သင်ယူခြင်း (Formal Learning)အပြင်  ကျောင်းပြင်ပ သင်ယူခြင်း(Non-formal Learning)နှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာ သင်ယူခြင်း(Informal Learning)  စသည်များနှင့် ရယူတတ်မြောက်နိုင်သည်။ ထိုမှတစ်ဆင့် ဘဝတစ်သက်သာ လေ့လာသင်ယူသွားကြရမည်လည်းဖြစ်သည်။ ပညာသည်အလင်းရောင်နှင့် တူပြီး အလင်းရောင်သည် အမှောင်ကိုဖယ်ရှားနိုင်သည်။ ပညာသည်မောဟ(မသိခြင်း) ကို ပယ်ဖျောက်နိုင်သည်။ ထို့ကြောင့်  “ပညာသမာ အာဘာနတ္ထိ”၊  “ပညာနှင့်တူသော အလင်းရောင်မရှိ” ဟု မြတ်စွာဘုရားက ဟောကြားခဲ့သည်။

ပညာတတ်နိုင်ငံသားများ အများဆုံးရှိနေသည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံး နိုင်ငံကြီးများအဖြစ် ရပ်တည်လျက်ရှိကြသည်။ ပညာတတ်နိုင်ငံသားများဆိုသည်မှာ အရည်အချင်းကို ဆိုလိုပြီး အများဆုံးရှိသည်ဆိုသည်မှာ အရေအတွက်ကို ဆိုလိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း အရည်အချင်းရှိသည့် ပညာတတ်များ အရေအတွက် အများကြီးရှိသည့် နိုင်ငံဖြစ်လာရန် လိုအပ်သည်မှာ ပေါ်လွင်ထင်ရှားသည်။ နိုင်ငံတစ်နိုင်ငံကို ကောင်းမွန်အောင်ပုံဖော်ရန်မှာ  ကောင်းမွန်သည့်နိုင်ငံသားများ ရှိနေရန်လိုအပ်သည်။ ကောင်းမွန်သည့် နိုင်ငံသားကို စာသင်ကျောင်းများကသာ မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဆရာ၊ ဆရာမများ၏ ကောင်းမွန်ပြည့်ဝသော သင်ကြားပြသမှု၊ ကျောင်းသား၊ ကျောင်းသူတို့၏ ကြိုးစားသင်ယူမှု၊ စည်းကမ်းလိုက်နာမှု၊ စိတ်ဓာတ်ကောင်းမွန်မှုတို့ဖြင့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာစေရေး ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။