မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအပေါ် သတင်းထုတ်ပြန်ချက်

 

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအပေါ် သတင်းထုတ်ပြန်ချက်

 

၁။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကို အခြေခံ သည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ လယ်ယာထွက်ကုန်ပြည်ပ တင်ပို့သည့်လုပ်ငန်းများ၊ လယ်ယာထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အဓိက လုပ်ကိုင်ဆောင်ရွက်နေကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေပါသည်။ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိက လယ်ယာစီးပွားရေး လုပ်ငန်းများအားလုံးသည် ဘဏ်လုပ်ငန်းများ၏ လယ်ယာသားငါး ထုတ်လုပ်ရေးအတွက် ချေးငွေများ၊ ကျေးလက်ဖွံ့ဖြိုးရေး ချေးငွေများ၊ အသေးစားချေးငွေများ အပါအဝင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရယူ၍ လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

၂။ ဆန်စပါးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ရောင်းချမှုအတွက် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ စီးပွားရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေရပြီး နိုင်ငံတကာဘဏ်များနှင့် ကုန်သွယ်မှုဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေပေးချေမှုများ၊ ငွေလွှဲမှုများကို နိုင်ငံတကာ ဘဏ်လုပ်ငန်း စံချိန်စံနှုန်းများ၊ စနစ်များနှင့်အညီ လိုက်နာဆောင်ရွက်နေကြပါသည်။

ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအဝင် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်ဆန့်ကျင်သော ငွေကြေးလုပ်ငန်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ဘဏ်များမှ ထိရောက်စွာ စိစစ်ခြင်း၊ တားမြစ်အရေးယူခြင်းနှင့် လိုက်နာလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရပါသည်။ နိုင်ငံတကာမှ လယ်ယာထွက်ကုန်ဝယ်ယူသူ (Buyer)များ၏ နိုင်ငံတကာဘဏ်များသည်လည်း မြန်မာနိုင်ငံရှိ ဘဏ်များနှင့် နိုင်ငံတကာဘဏ် လုပ်ငန်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

၃။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ ဘဏ်များ၊ မြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာဘဏ်များကို အရေးယူရန် တောင်းဆိုတိုက်တွန်းမှုများသည် ပြည်သူအများစု မှီခိုနေသည့် လယ်ယာကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုလုပ်ငန်းများကို ထိခိုက်နစ်နာစေရန် ဦးတည်သကဲ့သို့ဖြစ်ပါမည်။ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ဘဏ်လုပ်ငန်းများ တည်ငြိမ်ကောင်းမွန်ရေးကို ရှေးရှုပြီး မှန်ကန်သော မြေပြင်အခြေအနေ၊ တိကျခိုင်လုံသော အချက်အလက်များ၊ လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများကို လေ့လာသုံးသပ်လျက် အပြုသဘောဖြင့်သာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သင့်ပါကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။                  

 မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်