လှည်းကူးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်

 

လှည်းကူးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၃၀ ရက်

တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့်  ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပဲနန်းတုတ် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၃ ပါးနှင့် ဒေသခံပြည်သူ ၆၈ ဦး တို့ကို အဆိုပါကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ သမ္ဗုဒ္ဓေချောင် သဒ္ဓမ္မဝါဒီ သီလရှင် စာသင်တိုက်မှ သာသနာနွယ်ဝင် သီလရှင် ၁၅၀ ပါးတို့ကို အဆိုပါစာသင်တိုက်ရှိ ဓမ္မာရုံ၌လည်းကောင်း အသီးသီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးအဖွဲ့များက သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သောလူနာများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။