ရုရှားက တာလတ်နှင့် တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ဖြန့်ကြက်မှု ပြန်လည်စတင်နိုင်ဟု ပူတင်ပြော

 

ရုရှားက တာလတ်နှင့် တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ဖြန့်ကြက်မှု ပြန်လည်စတင်နိုင်ဟု ပူတင်ပြော

 

    ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် တာလတ်နှင့် တာတိုပစ်ဒုံးကျည်များကို ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်း ဖြန့်ကြက်မှုကို ပြန်လည်စတင်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။ ရုရှားလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပူတင်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

အမေရိကန်အစိုးရ၏ လက်ရှိရန်လိုနေသော အနေအထားကြောင့် ရုရှားအနေဖြင့် သဘောတူစာချုပ်ပါ လက်နက်များအပေါ် ထားရှိသည့် ရပ်တည်ချက်ကိုပြန်လည်သုံးသပ်ရခြင်းဖြစ်ကြောင်း ပူတင်ကဆက်ပြောသည်။

အဆိုပါမြေပြင်အခြေစိုက် တာလတ်နှင့်တာတိုပစ် ဒုံးကျည်များ ထုတ်လုပ်ဖြန့်ကြက်မှုကို တာလတ်နျူကလီးယား တပ်ဖွဲ့သဘောတူစာချုပ်  (INF) တွင်   တားမြစ်ထားသည်။

သို့သော် အဆိုပါသဘောတူစာချုပ်သည် ၂၀၁၉ ခုနှစ်တွင် ဖျက်သိမ်းလိုက်ရပြီ ဖြစ်သောကြောင့်  ထိုလက်နက်များ ထုတ်လုပ်ဖြန့်ကြက်မှုကို တစ်ဖက်သတ် ဆိုင်းငံ့ထားရမှုအပေါ် ပြန်လည်သုံးသပ်ရခြင်းဖြစ်ကြောင်း ပူတင်ကဆက်ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် ထိုကဲ့သို့သော လက်နက်များကို ကမ္ဘာတစ်ဝန်း ဖြန့်ကြက်မှုမရှိသမျှ ကာလပတ်လုံး ရုရှားနိုင်ငံကလည်း ထိုဒုံးကျည်များကို ထုတ်လုပ်မှု၊ ဖြန့်ကြက်မှုတို့ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပူတင်က ဆိုသည်။

သို့ရာတွင် အခြေအနေများက ပြောင်းလဲသွားပြီဖြစ်ကြောင်း၊   အမေရိကန်သည် ထိုကဲ့သို့သောလက်နက်များကို ပြည်ပနိုင်ငံများတွင်  ဖြန့်ကြက်လာပြီဖြစ်ကြောင်း ပူတင်ကဆက်ပြောသည်။

၁၉၈၇ ခုနှစ်တွင် သမိုင်းဝင်သဘောတူ စာချုပ်တစ်ခုဖြစ်လာသည့်   INF    တွင် ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ ကြားပျံသန်းနိုင်သည့် မြေပြင်အခြေစိုက် အမြင့်ပျံနှင့် အနိမ့်ပျံဒုံးကျည်များနှင့် ထိုဒုံးကျည်များအတွက် လောင်ချာများ ထုတ်လုပ်ဖြန့်ကြက်မှုကို တားမြစ်ထားကြောင်း သိရသည်။