ဂျိုးဘိုင်ဒင်ကို သမ္မတရာထူးမှ ဖြုတ်ချသင့်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌပြော

 

ဂျိုးဘိုင်ဒင်ကို သမ္မတရာထူးမှ ဖြုတ်ချသင့်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌပြော

 

     အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဒေါ်နယ်ထရမ့်နှင့် စကားစစ်ထိုးရာတွင် အရည်အချင်းမရှိအောင် ပေါ်လွင်ခဲ့သည့်အတွက် ၎င်းကို သမ္မတရာထူးမှ ဖြုတ်ချသင့်ကြောင်း  အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆန်ကပြောသည်။

အဆိုပါစကားစစ်ထိုးပွဲပြီးနောက် ဒီမို ကရက်များအနေဖြင့် ထိတ်လန့်တုန်လှုပ် ရကြောင်းနှင့်   အလှူရှင်အချို့သည်ပင် ရွေးကောက်ပွဲအတွက် ဂျိုးဘိုင်ဒင်နေရာတွင် အခြားတစ်ဦးဖြင့် အစားထိုးရန် တောင်းဆိုမှုများ ရှိလာကြောင်း ပြည်တွင်းသတင်းဌာန များက ဖော်ပြထားသည်။

“တကယ်လို့ ကျွန်တော်သာ ဒီမိုကရက်ဖြစ်ရင်လည်း ထိတ်လန့်တုန်လှုပ်မိမှာပဲဗျ။ ပြီးတော့ သူတို့မှာပြဿနာကြီး တစ်ခုရှိနေပြီ ဆိုတာကို သူတို့သိလောက်ပြီလို့ ကျွန်တော်ထင်ပါတယ်” ဟု မိုက်ဂျွန်ဆန်ကပြောသည်။

ထို့ပြင်   ဂျိုးဘိုင်ဒင်သည်   သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်သည်သာမကဘဲ ၎င်းကိုရာထူးမှ ချက်ချင်းဖြုတ်ချသင့်ကြောင်း ရီပတ်ဘလစ်ကန်ပါတီမှ အောက်လွှတ်တော် ဥက္ကဋ္ဌကဆက်ပြောသည်။

ယခုအခြေအနေသည် နိုင်ငံရေးအရမဟုတ်သကဲ့သို့ ဒီမိုကရက်တစ် ပါတီအတွက်လည်း မဟုတ်ကြောင်း၊ တစ်နိုင်ငံလုံးအတွက် သာဖြစ်ကြောင်း မိုက်ဂျွန်ဆန်က ပြောထားသည်။

အကယ်၍ အစိုးရအဖွဲ့က ဂျိုးဘိုင်ဒင်ကို ရာထူးမှဖြုတ်ချလိုပါက ၂၅ ကြိမ်မြောက် ဥပဒေပြင်ဆင်ချက်အရ ဆန္ဒမဲပေးနိုင်ကြောင်း နှင့် လက်ရှိအခြေအနေသည် အရေးပေါ်အခြေအနေဖြစ်သည့်အတွက် လူအများအပြားကလည်း ယင်းကဲ့သို့ လုပ်ဆောင်ရန် တောင်းဆိုမှုများ ရှိနေကြောင်း  အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောထားသည်ဟု သိရသည်။