အစ္စရေးက လက်ဘနွန်အပေါ် တိုက်ခိုက်မှု ပျက်သုဉ်းစစ်ပွဲဆီ ဦးတည်စေမည်ဟုဆို
အစ္စရေးက လက်ဘနွန်အပေါ် ရွက်ကုန် ဖွင့်တိုက်ခိုက်မှုသည် ပျက်သုဉ်းစစ်ပွဲဆီ ဦးတည်စေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်း ကိုယ်စားလှယ်ရုံးက ဇွန်လ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
အစ္စရေးတပ်မတော်က ဇွန်လ ၁၈ ရက်တွင် လက်ဘနွန်နိုင်ငံအပေါ် တိုက်ခိုက်မှုလုပ်ဆောင်မည့် စစ်ဆင်ရေး စီမံချက်များကို အတည်ပြုထားသည်။
ထို့နောက် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံသည် ဟစ်ဇဘိုလာနှင့် လက်ဘနွန်နိုင်ငံအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲရေးအတွက် ဆုံးဖြတ်ချက်ချရန် အလွန်နီးစပ်လာပြီဖြစ်ကြောင်း ပြောထားသည်။
အလားတူ ရွက်ကုန်ဖွင့် တိုက်ခိုက်မှုအတွင်း ဟစ်ဇဘိုလာတို့ကို ချေမှုန်းကာ လက်ဘနွန်ကိုအထိနာစေမည်ဖြစ်သည်ဟု အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးကပြောသည်။
ဟစ်ဇဘိုလာတို့ဘက်ကမူ ယခုပဋိပက္ခ သည်ပိုမိုပြင်းထန်လာပါက ၎င်းတို့အနေဖြင့် အစ္စရေးမြောက်ပိုင်းသို့ ကျူးကျော်တိုက်ခိုက်နိုင်ကြောင်း ထိုအဖွဲ့မှအတွင်းရေးမှူးချုပ်က တုံ့ပြန်ထားသည်။
အစ္စရေးတပ်မတော်က ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ဆင်ရေး လုပ်ဆောင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ အစ္စရေး-လက်ဘနွန်နယ်စပ်၌ အခြေအနေများမှာ ပိုမိုဆိုးဝါးလာသည်။
ထို့ပြင် အစ္စရေးတပ်မတော်နှင့် ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားများကြား နေ့စဉ်နှင့်အမျှအပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း သိရသည်။