သစ်ပင်ကိုနှစ်စဉ်စိုက် နှစ်ခြိုက်လို့ပျော်စရာ

သစ်ပင်ကိုနှစ်စဉ်စိုက် နှစ်ခြိုက်လို့ပျော်စရာ

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်)

ကျောင်းသင်ခန်းစာများတွင် ယနေ့တိုင် သင်ကြားလျက်ရှိသော သက်ကြီးအဘိုးအိုတစ်ဦး၏ သစ်ပင် စိုက်ပျိုးမှုအကြောင်းသည် ကျောင်းသား၊ ကျောင်းသူတိုင်းသာမက ပြည်သူများ အတုယူသင့်သော စိတ်ထားဖြစ်သည်။ မိမိစိုက်ပျိုးလိုက်သော သစ်ပင်ကြီးထွားရှင်သန်ပြီး အသီးအပွင့်များ ဝေဆာချိန်တွင် အသက်အရွယ်အရမိမိအကျိုးခံစားခွင့်မရှိနိုင်သည်ကို သိလျက်နှင့် နောက်လူများအတွက်စေတနာပိုကာ သစ်ပင်စိုက်ပျိုးပေးသည်။ အများကောင်းကျိုးအတွက် သယ်ပိုးလိုသော ပရဟိတစိတ်ကိုမွေးမြူကာ မျိုးဆက်သစ်များအတွက် သစ်ပင်များရှင်သန်အောင် စိုက်ပျိုးသင့်လှပြီဟူသော အသိကိုရရှိစေသည်။

မိုးဦးရာသီရောက်လာသည်နှင့် နိုင်ငံတစ်ဝန်းတွင်သစ်ပင်မျိုးစုံစိုက်ပျိုးခြင်း ဆောင်ရွက်လာကြသည်။ သစ်ပင်စိုက်ပျိုးခြင်းမှာ အမြဲထာဝရရရှိနေမည့် ကုသိုလ်ဖြစ်သည်။ ကောင်းမှုပြုလုပ်သူများအတွက် ကောင်းကျိုးခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။ သစ်ပင်စိုက်သည့်အတွက် လတ်တလောရရှိလိုက်သည့် အကျိုးသည် စိတ်ချမ်းသာမှုပင်ဖြစ်သည်။ သီးပင်စားပင်စိုက်ပျိုးကြမည်ဆိုလျှင် အဆိုပါသီးပင်စားပင်မှ ဆွတ်ခူးစားသုံးနိုင်မှုကြောင့် မိမိတို့အိမ်အတွက် အပိုငွေကုန်ကြေးကျ သက်သာသည်။ ပိုလျှံသဖြင့် ရောင်းချပါက အပိုဝင်ငွေရရှိမည်။ လူတိုင်းသည် ဝင်ငွေနှင့်ထွက်ငွေကိုညီမျှအောင် သုံးစွဲနေကြရသူများ ဖြစ်သည်။

မိုးရာသီမှာ အဖွဲ့အစည်းများ အလိုက်သစ်ပင်စိုက်ပျိုးခြင်းမှာ ပျော်စရာလည်း အလွန်ကောင်းသည်။ သစ်ပင်စိုက်သူ တို့၏ စည်းလုံးညီညာမှု၊ စိုက်ပျိုးထားသောသစ်ပင်များ၏ အကွာအဝေးညီညာမှုတို့မှာ လှပသော မြင်ကွင်းများ ဖြစ်သည်။ “သစ်ပင်ကိုနှစ်စဉ်စိုက်၊ နှစ်ခြိုက်လို့ပျော်စရာ။ စုပေါင်းကာ ပါဝင်နွှဲ၊ ထူးကဲလှတာ။ သစ်မျိုးကစုံလှစွာ၊ ရတနာတန်းဝင်ကျွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြော်တွေး ဖြစ်ထွန်း” ဆိုသည့်အတိုင်းပင် ဖြစ်သည်။ အရွယ်ရောက်သည့် သစ်ပင်တစ်ပင် ဖြစ်ထွန်းရန်မှာ နှစ်ကာလ ရှည်ကြာစွာ စောင့်ဆိုင်းရသော်လည်း  သစ်ပင်တစ်ပင်ခုတ်လှဲရန်မှာ နာရီပိုင်းမျှသာ ကြာမြင့်သည်။ သစ်ပင်ကိုခုတ်လှဲမည်ဆိုပါက အဆိုပါသစ်ပင်များနေရာတွင် မည်သို့အစားထိုး စိုက်ပျိုးမည်ဆိုသည်ကို ကြိုတင်စဉ်းစားသင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၄ ရက်က ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် အမှာစကားပြောကြားစဉ် “ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း  ၂၂ ဒသမ ၃၃၂ သန်းစိုက်ပျိုး တည်ထောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင်ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာ အသီးသီးတွင်လည်း ဒေသအလိုက်သင့်တော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ မြစ်၊ ချောင်းတစ်လျှောက်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ ဒီရေတောအပင်များ စိုက်ပျိုးတည် ထောင်ရန်စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အာဆီယံလမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီး ဘေးဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များစဉ်ဆက်မပြတ် စိုက်ပျိုးပြုစု ထိန်းသိမ်းကြ ရမည်ဖြစ်ကြောင်း” ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

သစ်ပင်စိုက်ပျိုးရာတွင် “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဟူသည့် ဆောင်ပုဒ် နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်မှု မဖြစ်မနေ လိုအပ်ပေသည်။ ပျိုးပင်အဖြစ် နှစ်နှစ်တာရှင်သန် ဖြစ်ထွန်းလာသည့်အပင်သည် ဆက်လက်ရှင်သန်ကြီး ထွားရန် စနစ်တကျ ဆောင်ရွက်သွားပါက မဖြစ်နိုင်စရာမရှိပေ။ စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေ ရန်မှာ နေရာဒေသနှင့် ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာရွေးချယ်မှု၊ စနစ်တကျမြေပြုပြင်မှု၊ ရေနှင့်မြေ အစိုဓာတ်ရရှိမှု၊ စိုက်မည့် ကျင်းအရွယ်အစားမှန်ကန်မှု၊ အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှု ရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။

တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ် လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၇ ရက်တွင်ကျင်းပပြုလုပ်ရာ တပ်မတော်တစ်ရပ်လုံး သစ်ပင်စုစုပေါင်း ၁၆၆၁၈၉ ပင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင်စုစုပေါင်း ၁၉၆၄၂၅ ပင် စိုက်ပျိုးခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော်စုစုပေါင်း ၃၉ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင် အားထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်လျက် သစ်ပင်ကိုနှစ်စဉ် စိုက်ပျိုးလျက်ရှိပေရာ အနာဂတ်တွင် စိမ်းလန်းစိုပြည်သည့်   ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်ရေးအတွက် သစ်ပင်များကို စနစ်တကျဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။    ။