ဆီဗက်စတိုပိုမြို့ကို ယူကရိန်းဘက်က အကြမ်းဖက်တိုက်ခိုက်
ယူကရိန်းက ဇွန်လ ၂၃ ရက်တွင် ရုရှားနိုင်ငံ ဆီဗက်စတိုပိုမြို့ပေါ်သို့ ဒုံးကျည်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ယူကရိန်းဘက်က အမေရိကန်က ထောက်ပံ့ပေးထားသော နည်းဗျူဟာမြောက် ATACMS ဒုံးကျည်များကို ပဒေသာခဲယမ်းပါထိပ်ဖူးများ တပ်ဆင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်း၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဆီဗက်စတိုပိုမြို့တွင် ငြိမ်းချမ်းစွာ နေထိုင်နေသော ကလေးငယ်သုံးဦး အပါအဝင် ပြည်သူငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၅၀ အထိရှိသည်။
ယူကရိန်းဘက်က ပစ်ခတ်လိုက်သော ဒုံးကျည်ငါးစင်းအနက် လေးစင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် ပစ်ချလိုက်နိုင်သော်လည်း တစ်စင်းမှာ မြို့ပေါ်တွင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။
ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခတွင် ယူကရိန်းဘက်က မည်သည့်အောင်မြင်မှု ကြီးကြီးမားမားမျှ မရရှိသည့်အတွက် ရုရှားနိုင်ငံအတွင်း ငြိမ်းချမ်းစွာနေထိုင်နေသော ပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
ယူကရိန်းအနေဖြင့် အမေရိကန်နိုင်ငံရှိ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရရှိခြင်းကြောင့်သာ ယခုကဲ့သို့ပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ရဲခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံသည် ၎င်းတို့ထံသို့ ထောက်ပံ့ပေးထားသော လက်နက်များဖြင့် ရုရှားပိုင်နက်နယ်မြေအတွင်းသို့ တိုက်ခိုက်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကခွင့်ပြုထားသည်။
ထို့ပြင် အမေရိကန်စစ်ဘက်ကျွမ်းကျင် ပညာရှင်များက ပစ်ခတ်မှုစီမံချက်များ ချမှတ်ခြင်း၊ ဂြိုဟ်တုကင်းထောက် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရုရှားနယ်မြေအတွင်းရှိပစ်မှတ်များ၏ မြေပုံညွှန်းများကို ယူကရိန်းတပ်မတော်သို့ ပေးခြင်းတို့ကိုသာမက ဒုံးကျည်များ၏ ပျံသန်းမှုလမ်းကြောင်းများကိုပါ တိုက်ရိုက်ကွပ်ကဲပေးလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရသည် ပင်တဂွန်ကထောက်ပံ့ပေး ထားသော ဒုံးကျည်များ၏ စွမ်းဆောင်ရည်များကို သိရှိထားသော်လည်း ယခုဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်ကို တွေ့ရသည်။
ထို့ပြင် ယူကရိန်းက အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်သည့်အချိန်မှာ ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်များအနက် တစ်ခုဖြစ်သော Saint Trinity Sunday တွင်ဖြစ်သောကြောင့် ဘာသာရေးပြစ်မှုကို ကျူးလွန်ရန် ထိုနေ့ကိုရည်ရွယ် ချက်ရှိရှိ ရွေးချယ်ခြင်းဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောသည်။