စက်သုံးဆီပြတ်လပ်မှုကြောင့် ဂါဇာရှိဆေးရုံများ ၄ နာရီအတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနိုင်
ဂါဇာဒေသရှိ ဆေးရုံများ၊ ဆေးပေးခန်းများ၊ အောက်ဆီဂျင်စက်ရုံများ အနေဖြင့် မီးစက်များအတွက် လိုအပ်သော စက်သုံးဆီများ ပြတ်လပ်လာပြီဖြစ်သောကြောင့် ၄၈ နာရီအတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ရနိုင်ကြောင်း ယင်းဒေသ၏ ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။
“ကျွန်တော်တို့အနေနဲ့ ဆေးရုံ၊ ဆေးခန်းများအတွက် မီးစက်တွေ၊ စက်သုံးဆီတွေ မရဘူးဆိုရင် ၄၈ နာရီအတွင်း လုပ်ငန်းလည် ပတ်မှုရပ်ဆိုင်း သွားနိုင်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနက Telegram တွင်ရေးသားထားခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးဌာနများအတွက် မီးစက်များနှင့်စက်သုံးဆီများ အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများက ပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်အဖွဲ့က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ပြီး အလစ်အငိုက်ရယူ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် အစ္စရေးတို့က ဟားမတ်တို့ရှိရာ ဂါဇာကမ်းမြောင်ဒေသကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
ယခုအခါ အဆိုပါပဋိပက္ခကြောင့် လူပေါင်း ၃၉၀၀၀ ဝန်းကျင်သေဆုံးပြီး ၈၇၀၀၀ ဝန်းကျင်မှာ ထိခိုက်ဒဏ်ရာများ ရရှိထားသည်ဟု စာရင်းဇယားများအရ သိရသည်။