မိုးရာသီမှာသတိရှိပါ ဝမ်းပျက်ဝမ်းလျှောရောဂါ
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေးဖြစ်ပွား တတ်သောရောဂါဖြစ်သော်လည်း အထူးသဖြင့် မိုးရာသီတွင် ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။ အသက် အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ကလေးသူငယ်များ အတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။ ယင်းရောဂါသည် မြန်မာနိုင်ငံ၌ ဒုတိယအဖြစ် အများဆုံး ကလေးရောဂါတစ်ခုဖြစ်ကြောင်း World Health Organization Myanmar က ဇွန်လ ၁၇ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။
မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် အသက်ငါးနှစ် အောက်ကလေး ၁၀၀ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူခြောက်ဦးမှ ၁၂ ဦးအထိရှိကြောင်း သိရသည်။
ဝမ်းလျှောခြင်းမှာ ကာလတိုဝမ်းလျှောခြင်းနှင့် ကာလရှည်ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိသည်။ ကာလတို ဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာတွင် ရပ်တန့် သွား၍ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်ဝမ်းလျှောခြင်း တွင် ဝမ်းသွားသည့်အကြိမ်ရေ များပြားသည်နှင့်အမျှ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှုခံယူသင့်သည်။ နောက်ဆက်တွဲပြဿနာများ အဖြစ် အစာအိမ်နာခြင်း၊ အစာအဆိပ် သင့်ခြင်းအပြင် သွေးပေါင်ကျပြီး သတိလစ်ခြင်းပါဖြစ်တတ်သည်။
ရောဂါဖြစ်ပွားရသောအကြောင်းရင်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်ရှိ ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံ တက်လာသည်။ ရေပြန်ကျသွားသောအခါ အညစ် အကြေးများ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae (ခေါ်) ကာလဝမ်းရောဂါကိုဖြစ်စေတတ်သော ကူးစက် ရောဂါပိုးမွှားများ ပေါက်ပွားမှုများ ပြားလာသည့် အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာရသည်။ ထိုရောဂါပိုးသည် ကူးစက်ခံရသူ၏ အူအတွင်းသို့ enterotoxin (ခေါ်) အဆိပ်ဓာတ်တစ်မျိုးထုတ်လွှတ် ကာ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်နှင့် ဆားဓာတ် များ ကို အချိန်တိုအတွင်း လျင်မြန်စွာဆုံးရှုံးစေသဖြင့် အသက်သေဆုံးနိုင်သည်။
ထို့ပြင် ကာလဝမ်းရောဂါပိုးရှိသည့် အညစ်အကြေးများအပေါ် ယင်ကောင်နားပြီးနောက် ထို ယင်ကောင် နားထားသော အစားအသောက်များကို စားသောက်မိခြင်း၊ မသန့်ရှင်းသောလက်ဖြင့် အစား အစာများကို ကိုင်တွယ်စားသောက်ခြင်း၊ ကာလဝမ်း ရောဂါပိုးသည် သောက်သုံးရေများအတွင်းသို့ တိုက် ရိုက်ဝင် ရောက်ခြင်း (ဥပမာ-မိလ္လာပိုက်ပေါက်ခြင်း၊ အညစ်အကြေးမြေသြဇာအသုံးပြုခြင်း) စသည်တို့မှ တစ်ဆင့် ကူးစက်နိုင်ပြီး ထိုမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ရောဂါဆက်လက်ပျံ့နှံ့ကူးစက်စေနိုင်သည်။
WHO ထုတ်ပြန်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက်ကလေးများကို သေဆုံးစေနိုင်သည့် တတိယမြောက်ရောဂါဖြစ်သည်။ ကမ္ဘာတစ်ဝန်း တွင် နှစ်စဉ် ကလေးဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိသည်။ နှစ်စဉ် အသက် ငါးနှစ်အောက်ကလေး လေးသိန်းကျော်နှင့် အသက်ငါးနှစ်မှ ကိုးနှစ်ကြားကလေးငယ် ငါးသောင်းကျော် သေဆုံးလျက်ရှိသည်။
ရောဂါလက္ခဏာများ
နာရီပိုင်းအတွင်း ငါးညှီနံ့နံသော ဆန်ဆေးရည် အရောင်ကဲ့သို့ ဖြူကျဲကျဲဝမ်းအရည်များ အဆက်မပြတ် သွားခြင်း သို့မဟုတ် တစ်ရက်တည်းမှာပင် သုံးကြိမ် နှင့်အထက် ဝမ်းအရည်သွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင် စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း၊ ခံတွင်း၊ လျှာနှင့်နှုတ်ခမ်းများ ခြောက်၍ရေသောက်ပြီးနောက် ထိုရေအတိုင်းဝမ်း သွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း၊ အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာခြင်း၊ မျက်တွင်း ချိုင့်ဝင်ခြင်း၊ ကြွက်တက်ခြင်း စသည့်ရောဂါလက္ခဏာ များခံစားရပါက ဓာတ်ဆားရည်များ များသောက် ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်သည်။
ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိရောက်စွာ ကုသမှု မခံယူပါက ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံး၍ သွေး ပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက် ဆုံးရှုံးနိုင်သည်။
ရှောင်ရန်အစားအစာများ
• ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မသန့်ရှင်းသည့် အစား အစာများ၊ မသန့်ရှင်းသည့်သောက်ရေသုံးရေ များ၊ အမှည့်လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ လမ်းဘေးအစားအစာများ စသည်တို့ကို ရှောင်ကြဉ်ရမည်။ အထူးသဖြင့် ကိုယ်ခံအား နည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုများ အတွက် အသက်အန္တရာယ်စိုးရိမ် ရသည်။
• ကာလတို ဝမ်းလျှောသည်ဖြစ်စေ၊ ကာလရှည်ဝမ်းလျှောသည်ဖြစ်စေ ဝမ်းသွားခြင်း ရပ်တန့် သွားသော်လည်း နောက် ၁၀ ရက်ခန့်ကြာသည်အထိ ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ စားသောက်ခြင်းမှ ရှောင်ကြဉ်သင့်သည်။
• အမျှင်ဓာတ်များသော အစားအစာများက အစာအိမ်နှင့်အူကို အလုပ်ရှုပ်စေနိုင်၍ ဝမ်းလျှော ပြီးနောက် သုံးလေးရက်ခန့်ကြာသည်အထိ မစားသင့်ပေ။
ဆောင်ရန်အစားအစာများ
ဝမ်းလျှောသည့် အကြိမ်ရေများပါက သိသိသာသာ ပိန်ကျသွားပြီး အားအင်ကုန်ခန်းသွား၍ သက်သက် သာသာအနားယူသင့်သည်။ အောက်ဖော်ပြပါအစား အသောက်များက ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သဘာဝကုထုံးများ ဖြစ်သည်။
• ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးသည့်အနေဖြင့် ရေကျက်အေးများများ သောက်ပါ။
• သန့်စင်သည့် ရေနှင့် ဖျော်စပ်ထားသော ဓာတ်ဆားရည် (ORS) ကိုသောက်ပါ သို့မဟုတ် သီးစုံ ဓာတ်ဆားရည်သောက်ပါ။
• ဓာတ်ဆားထုပ် အလွယ်တကူမရရှိနိုင်ပါကဆားနှင့်သကြားကို ဆတူရောသောက်ပါ။
• လက်ဖက်ရည်ကြမ်းထဲကို သကြားအနည်းငယ်ထည့်သောက်ပါ။
• ချင်းပြုတ်ရည်သောက်ပါ။
• အမည်းရောင်ထန်းလျက်ကိုကျိုပြီး အနည်စစ်သောက်ပါ။
• အုန်းစိမ်းရည်သောက်ပါ။
• မည်သည့်အရည်မျိုးကိုမဆို အအေးခံ၍သောက် ပါ။
• ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲတွင်ပါရှိသောလက်တစ် အက်စစ်က အစာအိမ်နှင့် အူလမ်းကြောင်း ထဲရှိ ဝမ်းသွားစေသော ဗက်တီးရီးယားပိုးများ ကို သေစေနိုင်သည်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်းလျက် ရည်မရောဘဲ ဖြစ်နိုင်လျှင် သူ့ချည်းစားပါ)
• အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်းသော ကစီဓာတ်ကြွယ်ဝသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်စားပေးနိုင်သည်။
• chamomile (ခေါ်) အဝါရောင်ဝတ်ဆံနှင့် ပွင့်ချပ်ဖြူဖြူပွင့်သော တောပန်းလေးများက ဝမ်းပျက်စေသော ပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင်သဖြင့် ထိုတောပန်းလေးများကို လက်ဖက် ခြောက်ကဲ့သို့ ရေနွေးကြမ်းတွင် ခတ်ကာ အအေးခံသောက်နိုင်သည်။ (ဈေးဝယ် စင်တာများတွင် chamomile tea အထုပ် လေးများကို အလွယ်တကူဝယ်ယူရရှိနိုင်သည်)
• ဘလူးဘယ်ရီသီးထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အူလမ်းကြောင်းထဲရှိ ဝမ်းပျက်ဝမ်းလျှောပိုးများကို သုတ်သင်ပေးနိုင်သည်။
• လိမ္မော်သီးအခွံက ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ကောင်းကျိုးပြုနိုင်သည်။ လိမ္မော်ခွံကို ပြုတ်၍သော်လည်းကောင်း၊ ရေနွေးဆူဆူတွင် ခတ်၍သော်လည်းကောင်း အအေးခံ၍ သောက်သုံး သင့်သည်။
• ပဲနံ့သာပင်အစေ့ကို ရေစိမ်သောက်ပါ။ (ပဲနံ့သာပင်အစေ့များကို အိန္ဒိယရိုးရာ ပရဆေးဆိုင် များတွင် ဝယ်ယူရရှိနိုင်ပါသည်)
• ဆီးသီးလုံးခန့်ပမာဏရှိသော နနွင်းမှုန့်ကို ရေနွေးကြမ်းဖြင့် သုံးရက်ဆက်တိုက် သောက် ပါ။ လုံးဝပျောက်ကင်းနိုင်သည်။
• အသက် ၂၀ နှင့်အထက်ဖြစ်ပါက ငရုတ်ကောင်းအစေ့ ၂၀ ကို နှစ်မိနစ်ခန့်လှော်ပြီး နောက် အမှုန့်ကြိတ်ပါ။ ရလာသောအမှုန့်ကို အရက်ဖြူတစ်ဇွန်းနှင့် ရေအေးတစ်ဇွန်းရော စပ်ပြီးသောက်ပါ။
• သစ်ကြားသီးစားပါ။ ရေသဖန်းပင်အခေါက်ကို ပြုတ်သောက်ပါ။ ပိန္နဲပွင့်သုပ်စားပါ။ ပိန္နဲသီး အနုဟင်းချက်စားပါ။ စမုန်နက်စားပါ။ ကရဝေး သီးစားပါ။ ကြောင်လျှာမြစ်ပြုတ်သောက်ပါ။ သရက်စေ့ အဆန်ကိုဝါးစားပါ။ ကြာဖြူ၊ ကြာညို ဝတ်ဆံများ စားပေးပါ။
• ပရန္နဝါမြစ်ကို သွေး၍သောက်ပါ။ ဆန်ဆေးရည်သောက်ပါ။ ကရမက်သွေး၍သောက်ပါ။
• မြေအိုးတစ်လုံးထဲ ကန်စွန်းရိုးနီ ၁၀ ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍ အမည်းရောင် ထန်းလျက် ၁၅ ကျပ်သားထည့်ကာ ကန်စွန်းပင်ရေမြုပ်သည်အထိရေဖြည့်၍ ကန်စွန်းညွန့်များ နူးအိလာ အောင် ပြုတ်ပေးပါ။ ထိုပြုတ်ရည်ကို ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေး ကြမ်းပန်းကန်လုံးတစ်လုံးခန့် သောက်ပေးရပါမည်။ ဤနည်းအတိုင်း ငါးကြိမ်ခြောက် ကြိမ်ခန့်သောက် ပြီးပါက ဝမ်းရပ်သွားပါလိမ့် မည်။
ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းများ
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကြိုတင်ကာကွယ်နိုင်သောရောဂါဖြစ်သည်။ ရောဂါဖြစ်စေတတ်သော ပိုးမွှားများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် မိမိတို့၏လက်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ စနစ်တကျ လက်ဆေးခြင်းဖြင့် လူအချင်းချင်းကူးစက်မှုများ၊ ဆေးရုံ၊ ဆေး ခန်းများမှတစ်ဆင့် ကူးစက်တတ် သောရောဂါများကို သိသာစွာလျှော့ချနိုင်သည်။
ကြိုတင်ကာကွယ်သည့်အနေဖြင့် အစာမစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်တိုင်း၊ အညစ်အကြေး နှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်တိုင်း၊ နှာချေချောင်းဆိုးပြီးချိန်တိုင်းနှင့် သန့်စင်ခန်းမှထွက်လာ သည့်အချိန်တိုင်းတွင် လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စင်ကြယ်စွာဆေးကြောပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။ ကလေးငယ်များ ၏မစင်ကို ယင်မနားအောင် စနစ်တကျစွန့်ပစ်ပါ။ ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲပါ။ ရေကိုကျိုချက်၍ သော်လည်းကောင်း၊ ကျန်းမာရေးဌာန၏ ညွှန်ကြားချက် အတိုင်း ကလိုရင်းဆေးခတ်၍သော်လည်းကောင်း အသုံးပြုပါ။ အစားအစာများကို ကျက်အောင်ချက်ပြုတ် ပြီးမှ ပူပူနွေးနွေးစားသုံးပါ။ အစားအစာများကို ယင် မနားအောင် စနစ်တကျ ဖုံးအုပ်ထားပါ။
အချုပ်အားဖြင့်ဆိုသော် မိုးရာသီတွင် အမှည့်လွန်သောသစ်သီးများ လှိုင်လှိုင်ပေါများလေ့ရှိရာ အဆိုပါ သစ်သီးမှည့်များကြောင့် ယင်ကောင်များလည်း ပေါများ ပေါက်ပွားလာကြသည်။ ထိုယင်နားစာများသို့ မဟုတ် မှိုတက်နေသော အစားအစာများကို စားမိခြင်းက ဝမ်းရောဂါကို မလွဲမသွေဖြစ်စေပါသည်။ သို့သော် ဝမ်းပျက်ဝမ်းလျှောခြင်းသည် မိုးရာသီတွင် သာမဟုတ်ဘဲ အချိန်ကာလမရွေး၊ လူကြီးလူငယ် မရွေးဖြစ်ပွားတတ်သော ရောဂါဖြစ်၍ အခန့်မသင့် ပါက အစုလိုက်အပြုံလိုက် ကာလဝမ်းရောဂါဖြစ်လာ နိုင်သည်ကို သတိပြုကြရန်လိုပါကြောင်း ရေးသား လိုက်ရပါသည်။
ပေါက်ပေါက်