တက်တူးထိုးသူများတွင် သွေးကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်တက်
တက်တူးထိုးခြင်းသည် ကိုယ်ပိုင်သော ခန္ဓာကိုယ်ကို အနုပညာဖြင့် အလှဆင်ခြင်းဖြစ်သည်ဟု တော်တော် များများက လက်ခံထားသော်လည်း ၎င်း၏ဘေးထွက်ဆိုးကျိုးကိုမူ သိရှိထားသူကတော့ တော်တော်လေးနည်းမည် ထင်သည်။
ထို့ပြင် တက်တူးထိုးသူအရေအတွက်သည်လည်း လွန်စွာ မြင့်တက်လာသည်ကို တွေ့ရသည်။ အမေရိကန် နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က တက်တူးထိုးသူ ၂၃ ရာခိုင်နှုန်း ရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
ထို့ကြောင့် သုတေသနပညာရှင်များက တက်တူးထိုးခြင်းသည် ခန္ဓာကိုယ်အတွက် မည်သည့် အကျိုးသက်ရောက်မှု ဖြစ်စေသည် ဟူသောအကြောင်းကို သိရှိနိုင်ရန် စိတ်ဝင်စားမှုလည်း မြင့်တက်လာသည်။ ယင်းအတွက် သုတေသနပြု လေ့လာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လက ထုတ်ပြန်လိုက်သော သုတေသနတစ်ခုအရ တက်တူးထိုးခြင်းနှင့် သွေးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်မှုတို့ကြား ဆက်စပ်နေသည်ကို တွေ့ရသည်။
ထိုသုတေသနကို eClinicalMedicine အမည်ရှိဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ ယင်းသုတေသနအရ တက်တူးထိုးသူ တစ်ဦးသည် သွေးကင်ဆာရောဂါဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည်ကို တွေ့ရသည်။
သုတေသီများ၏ ပြောဆိုမှုအရဆိုလျှင် တက်တူးထိုးခြင်းကြောင့် သွေးကင်ဆာဖြစ်နိုင်ခြင်းမဟုတ်ဘဲ ထိုရောဂါဖြစ်နိုင်ခြေမြင့်တက်နိုင်ခြင်းကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။
တက်တူးထိုးခြင်းကြောင့် သွေးကင်ဆာရောဂါဖြစ်ပွားမှု မြင့်တက်နိုင်ရသည့် အကြောင်းရင်းက တက်တူးတွင်ပါဝင်သော ရောင်ခြယ်ပစ္စည်း တချို့သည် ပြန်ရည်ကျိတ်များအတွင်း သွားရောက် စုပုံနေခြင်းကြောင့် ဖြစ်သည်။ ထိုပြန်ရည်ကျိတ်များသည် လင်ဖိုးမားဟု ခေါ်သော သွေးကင်ဆာကို ဖြစ်ပွားစေသည့် အဓိကအကျဆုံးနေရာ ဖြစ်သည်။
သုတေသီများက ယခုသုတေသနအတွက် ဆွီဒင်အမျိုးသားကင်ဆာဌာနမှ အချက်အလက်များကို အခြေခံလုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုအထဲတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အသက် ၂၀ မှ ၆၀ ကြားရှိ လင်ဖိုးမားရောဂါဖြစ်ပွားသူ ၁၂၀၀၀ ဝန်းကျင် ၏ အချက်အလက်များ ပါဝင်သည်။
ထို့နောက် သုတေသီများက ယင်းအချက်အလက်များကို ၂၀၂၁ ခုနှစ်တွင် လုပ်ဆောင်သော တက်တူးရှိ၊ မရှိ၊ တက်တူးရှိလျှင် ပမာဏမည်မျှကြီးသည်ဟူသော မေးခွန်းများ၏ အဖြေများနှင့် နှိုင်းယှဉ်လေ့လာပြီးနောက် ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိုနှိုင်းယှဉ်လေ့လာချက်အရ တက်တူးအရွယ်အစားမည်မျှရှိရှိ တက်တူးထိုးလိုက်ပြီဆိုသည်နှင့် သွေးကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရခြင်း ဖြစ်သည်။
သွေးကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်တက်နိုင်သည့် အခြားအကြောင်းရင်းများလည်း ရှိသေးသည်။ ၎င်းတို့တွင် အားနည်းသော ကိုယ်ခံအားစနစ်နှင့် ဘန်ဇင်းအပါအဝင် ပေါင်းသတ်ဆေး အချို့ကဲ့သို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့လည်း ပါဝင်သည်။
အချို့ကလည်း သွေးကင်ဆာ ဖြစ်နိုင်ခြေမြင့်တက်မှုနှင့် တက်တူးထိုးခြင်းတို့က ဆက်စပ်မှုမရှိနိုင်ဟု ဆိုချင်သေးသည်။ အထက်တွင် ပြောခဲ့သည့်အတိုင်းပင် တက်တူးထိုးခြင်းကြောင့် သွေးကင်ဆာဖြစ်နိုင်ခြင်း မဟုတ်ဘဲ သွေးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် တက်တူးထိုးခြင်းသည် မိမိခန္ဓာကိုယ်ကို မိမိစိတ်ကြိုက်ဖန်တီးခြင်း ဖြစ်သည်ဟု ဆိုသော်လည်း ဘေးထွက်ဆိုးကျိုးအနေဖြင့် မည်သည့်သက်ရောက်မှုများ ရှိနိုင်သည်ကို သိထားသင့်ပေသည်။
Ref:Health