ယနေ့ခေတ်လူငယ် အများအပြား ကင်ဆာရောဂါကိုမကြုံစဖူးထူးကဲစွာခံစားလာနေရ
လွန်ခဲ့သည့်ဆယ်စုနှစ်ကထက်စာလျှင် ယနေ့ခေတ်လူငယ်များမှာ ကင်ဆာရောဂါကို မကြုံစဖူးထူးကဲစွာ ခံစားလာနေရသည်ကို တွေ့ရသည်။
အထူးသဖြင့် အူမကြီး၊ ပန်ကရိယ၊ သည်းခြေပြွန်အပါအဝင် အစာခြေလမ်းကြောင်းဆိုင်ရာကင်ဆာများကို အလွန်လျင်မြန်သည့်နှုန်းဖြင့် ခံစားလာနေကြရခြင်းဖြစ်သည်။
JAMA Open Network အမည်ရှိမဂ္ဂဇင်းတွင် ယခုလအစောပိုင်းက ဖော်ပြထားသော သုတေသန စာတမ်းတစ်ခု၌ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း အသက် ၅၀ အောက်ရှိသော လူငယ်များနှင့် အရွယ်ရောက်ပြီးသူများတွင် ကင်ဆာဖြစ်ပွားမှုနှုန်း နှိုင်းယှဉ်ချက်ကို တင်ပြထားသည်။
ထိုနှိုင်းယှဉ်ချက်ကို ကြည့်ခြင်းအားဖြင့် အဆိုပါကာလအတွင်း အစောပိုင်း အဆင့်အစာခြေ လမ်းကြောင်းဆိုင်ရာ ကင်ဆာများ ဖြစ်ပွားမှုက အရေအတွက်အားဖြင့် များပြားလာသည်သာမက ဖြစ်ပွားမှု နှုန်းထားသည်လည်း မြန်ဆန်လာသည်ကို တွေ့ရသည်။
သုတေသနအရ ၂၀၁၀ ပြည့်နှစ်တွင် ထိုကင်ဆာရောဂါဖြစ်ပွားသူ ၆၄၃၁ ဦးသာရှိရာမှ ၂၀၁၉ ခုနှစ်တွင် ကင်ဆာရောဂါဖြစ်ပွားသူ ၇၃၈၃ ဦးရှိလာသည်။ ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ ရောဂါဖြစ်ပွားမှုနှုန်းသည်လည်း တစ်နှစ်လျှင် ၂ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် မြင့်တက်လာသည်။
ထိုသုတေသနတစ်ခုတည်းကသာ ယခုကဲ့သို့ဖော်ပြထားခြင်းမဟုတ်ဘဲ အခြားသော သုတေသနများကလည်း လူငယ်များတွင် အစာခြေလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါဖြစ်ပွားမှုများ မြင့်တက်လာသည်ကို ဖော်ပြထားတာ တွေ့ရသည်။
ဆရာဝန်အများစုက လူငယ်တွေမှာ အူမကြီးကင်ဆာ အဓိကပါဝင်တဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်ပွားမှုတွေကို တွေ့ရှိနေတာဟာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေပါပြီ။ အခုတော့ ဒီသုတေသနက အဲဒီလိုသိရှိထားမှုဟာ အမှန်တကယ်ဖြစ်တယ်ဆိုတဲ့အကြောင်း သက်သေပြလိုက်သလိုပါပဲ}} ဟု မြောက်ကာရိုလိုင်းနားဆေးကျောင်းမှ တွဲဖက်ပါမောက္ခဂျိတ်စတိန်းကပြောသည်။
ယခုသုတေသနတွင် အစာခြေလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါ ဖြစ်ပွားမှုသာမက ရင်သားကင်ဆာ၊ ဆီးလမ်းကြောင်း ကင်ဆာနှင့် မျိုးပွားအင်္ဂါဆိုင်ရာကင်ဆာများဖြစ်ပွားမှုမြင့်တက်လာသည်ဟုလည်း ဖော်ပြထားသည်။
ထိုကဲ့သို့ကင်ဆာရောဂါများဖြစ်ပွားရခြင်း၏ နောက်ခံအကြောင်းရင်းမှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို တိတိကျကျမသိ ရသေးသော်လည်း ယေဘုယျအားဖြင့် သိရှိထားသည့် အချက်များရှိသည်။
ယင်းအချက်များအနက် အဝလွန်ခြင်း၊ ဆီးချိုဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့က အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
၎င်းင်းတို့၏နောက်တွင် အရက်အလွန်အကျွံသောက်ခြင်း၊ ပြုပြင်ထားသည့် အစားအစာများကို လွန်ကဲစွာစားခြင်း၊ အနီရောင်ရှိ သည့်အသားများကို အများအပြား စားသုံးခြင်းတို့က ယခုကဲ့သို့ ကင်ဆာရောဂါများ ဖြစ်ပွားမှု မြင့်တက်စေသည့် အကြောင်းရင်း တစ်ခုအဖြစ် ပါဝင်နေသည်။
သုတေသနအရ ကင်ဆာရောဂါ ဖြစ်ပွားသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး အာရှဒေသ သို့မဟုတ် ပစိဖိတ်ကျွန်းစုများ၌ နေထိုင်သူများတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း ၁၀ ဂဏန်းအထက်ရှိလာသည်ကို တွေ့ရသည်။
အသက်အရွယ်အပိုင်းအခြားအားဖြင့်ကြည့်မည်ဆိုလျှင် အသက် ၃၀ မှ ၃၉ နှစ်ကြားရှိသူများမှာ ကင်ဆာဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်သောကြောင့် ထိုအချက်က စိုးရိမ်စရာ အခြေအနေ ဖြစ်နေသည်ဟု သုတေသီများကဆိုသည်။
ထို့ကြောင့် ယနေ့အချိန်အခါတွင် ကင်ဆာရောဂါသည် အသက်ကြီးသည်၊ ငယ်သည်မဟူ လူတိုင်းတွင် ဖြစ်လာနိုင်သော ရောဂါဖြစ်သည့်အတွက် အစားအသောက်များကို ချင့်ချိန်စားသုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှုများကို အချိန်ရခိုက် လုပ်ဆောင်ခြင်းတို့ဖြင့် ကြိုတင် ကာကွယ်ကြရန် လိုအပ်ပေသည်။
Ref:Health