နိုင်ငံတကာ ညီလာခံနှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာ ဥပဒေရေးရာ ဖိုရမ်တက်ရောက်ခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

နိုင်ငံတကာ ညီလာခံနှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာ ဥပဒေရေးရာ ဖိုရမ်တက်ရောက်ခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၁

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E. Mr. Valery D.Zorkin၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ "Protection of Rights and Constitu-tional Supervision" ခေါင်းစဉ်ဖြင့်  ဇွန်လ၂၆ ရက်မှ ၂၈ ရက်အထိ  ကျင်းပသည့် နိုင်ငံတကာ ညီလာခံ    (International Conference)နှင့်   (၁၂)ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ် (XII St. Petersburg  International  Legal Forum) သို့တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းက  လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါ နိုင်ငံတကာညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions - AACC) အဖွဲ့ဝင်နိုင်ငံများရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်များ၊ အခြားဖိတ်ကြားထားသော ဥပဒေ ပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး   ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်မှု၊   ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းစနစ် ကျင့်သုံးမှု များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ   တရားစီရင်ရေး အတွေ့အကြုံတို့ကို  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာ ဖိုရမ်သို့ နိုင်ငံပေါင်း ၃၀ မှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားသူကြီးများနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နိုင်ငံတကာညီလာခံနှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ   ဦးအောင်ဇော်သိန်းနှင့်အတူ အဖွဲ့ဝင် ဦးခင်မောင်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။