ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်
နေပြည်တော် ဇွန် ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများ ရရှိနိုင်စေရေး ရည်ရွယ်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ အထူးကုဆေးကုသရေး အဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးနှင့် (ခုတင်-၅၅၀)ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ သွားရောက်ကာ ခရိုင်ပြည်သူ့ဆေးရုံ ကော့သောင်းမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အထူးကုဆေးကုသရေး အစီအစဉ်တွင် ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၁၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၅၆ ဦး၊ ကလေးနှလုံးဆေးကုသမှုဆိုင်ရာ ၁၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၁၁၈ ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၂၇ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၁၉၀ ဦး စုစုပေါင်းဒေသခံပြည်သူ ၆၂၅ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ခြောက်ဦး၊ ကလေးနှလုံးရောဂါလူနာ တစ်ဦး၊ အစာအိမ်အူလမ်းကြောင်းလူနာ သုံးဦးတို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရန် ရန်ကုန်ရှိ သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း(Echocardiography) ၂၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၆၅ ဦး၊ ဓာတ်ခွဲစမ်းသပ်မှု ၆၄ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၁၀ ဦး၊ Ultrasound ရိုက်ကူးခြင်း ၃၄ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၂၁၄ ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ အထူးကုဆေးကုသရေး အစီအစဉ်သို့ လာရောက်ပြသကုသမှု ခံယူကြသူများကို တွေ့ဆုံအားပေးကာ အာဟာရဒါန စားသောက်ဖွယ်ရာများလှူဒါန်းပြီး ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ဒေသထွက်အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ကျန်းမာရေး ဝန်ကြီးဌာနသည် ယခုကဲ့သို့ အထူးကုဆေးကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်အတွင်း (၁၃)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ Super Speciality ဘာသာရပ်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေး အဖွဲ့များဖြင့်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကျေးလက်ဒေသများသို့ အထူးကုကွင်းဆင်း ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။