(၁၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ
နေပြည်တော် ဇွန် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအဖွဲ့အစည်းတို့မှ Green Innovation and Digital Connectivity (စိမ်းလန်းသော တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ကူးလူးဆက်သွယ်မှု) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် (၁၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure In-vestment and Construction Forum- IIICF) သို့ တက်ရောက်ပြီး ယမန်နေ့ နံနက်ပိုင်းက မကာအိုလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ အခြေခံအဆောက်အဦဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ State Home Company များကို သီးခြားစီတွေ့ဆုံ၍ ဒေသအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းများတွင် Green Innovation and Digital Connectivity များ ဖော်ဆောင်နိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ State Home Company များဘက်မှ အကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အဦဆိုင်ရာ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်းမွန် လာစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ၏ Feasibility Study(FS) လေ့လာဆန်းစစ်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကဏ္ဍများအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာမျှဝေပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်ခြင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုကိစ္စရပ်များ၊ အခြေခံအဆောက်အဦဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မည့်နည်းလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပတ်ဝန်းကျင်သဘာဝကို မထိခိုက်စေဘဲ ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချ၍ စိမ်းလန်းသော တိုးတက်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် မကာအိုမြို့အတွင်း ဆောင်ရွက်နေသော စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် တည်ဆောက်နေသော အဆောက်အဦကို လည်းကောင်း၊ လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေဘဲ လူမှုစီးပွား တိုးတက်အောင် ဖော်ဆောင်မှု အစီအစဉ်ဖြင့် ဆောင်ရွက်နေသော မကာအိုမြို့တွင်းလမ်းချဲ့ခြင်း လုပ်ငန်းခွင်သို့ သွားရောက်၍ ဆူညံသံနှင့် ဖုန်မှုန့်များ မပျံ့လွင့်စေရန် ထိန်းချုပ်ဆောင်ရွက်သည့်အခြေအနေနှင့် ကျောက်တောင်များကို ပတ်ဝန်းကျင်အနှောင့်အယှက် မရှိအောင် ဖယ်ရှားရှင်းလင်းဆောင်ရွက်သည့် အခြေအနေများကို လည်းကောင်း လေ့လာ၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် (၁၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေး ဖိုရမ်ကျင်းပခြင်းနှင့် စပ်လျဉ်းပြီး သုံးသပ်ဖော်ထုတ် ဆွေးနွေးပွဲအစီအစဉ်သို့ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော နိုင်ငံများမှ အခြေခံအဆောက်အဦများနှင့် သက်ဆိုင်သော ဝန်ကြီးများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပြီး IIICF မှ ကြီးမှူး၍ ပြသထားသော Green In-novation and Digital Connectivity ဆိုင်ရာပြခန်းများကို လိုက်လံကြည့်ရှု၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။