အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှစ်နိုင်ငံသီးခြား တွေ့ဆုံ

 

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှစ်နိုင်ငံသီးခြား တွေ့ဆုံ

နေပြည်တော်  ဇွန်  ၂၃

 

(၁၉)ကြိမ်မြောက်   အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် တီဟီရန်မြို့သို့ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အေစီဒီလက်ရှိဥက္ကဋ္ဌနှင့် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီနှင့် ယနေ့ဒေသစံတော်ချိန် ၁၀ နာရီတွင်   တီဟီရန်မြို့၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး  ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး   ဦးမိုးကျော်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြသည်။

(၁၉)ကြိမ်မြောက် အေစီဒီနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ အေစီဒီအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့တွင် တီဟီရန်မြို့၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန  နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။