​​​​​​​ယူကရိန်းပဋိပက္ခကြောင့် ဥရောပနိုင်ငံများ၏စီးပွားရေးတိုးတက်မှုနှေးကွေးလာ

ယူကရိန်းပဋိပက္ခကြောင့် ဥရောပနိုင်ငံများ၏စီးပွားရေးတိုးတက်မှုနှေးကွေးလာ

ဝါရှင်တန်၊ စီးပွားရေး

လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခ ကြောင့် ဥရောပနိုင်ငံများ၏စီးပွားရေး တိုးတက်မှု နှေးကွေးလာလျက်ရှိကြောင်း၊  အချို့နိုင်ငံများသည် ၎င်းတို့ယခင်က မျှော်မှန်းထားသည်ထက်ပင် တိုးတက်မှုမရှိလာ ကြောင်း နာမည်ကျော် အမေရိကန် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် ဂျင်ရော်ဂျာက Sputnik သတင်းဌာနသို့ ပြောသည်။

ကမ္ဘာ့စီးပွားရေးနှင့်ပတ်သက်၍ ရင်ဆိုင်နေရသည့်ပြဿနာများသည် ဥရောပကို သာမက အခြားကမ္ဘာ့နိုင်ငံများအပေါ်ကိုပါ  နောက်ထပ်နှစ်အနည်းငယ်အထိ သက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ဥရောပသမဂ္ဂမှာရှိတဲ့ နိုင်ငံတော်တော်များများက ဥရောပရဲ့ပြဿနာတွေကို တော်တော်လေး ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အဲဒီသမဂ္ဂကနေနုတ်ထွက် လာမယ့်နိုင်ငံတွေကလည်း အများအပြား ရှိလာပါလိမ့်မယ်”ဟု ရော်ဂျာကပြော သည်။

ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂမှနုတ်ထွက်ပါက နိုင်ငံ၏စီးပွားရေးကိုထိခိုက် စေနိုင်သည်ဟု ပြောဆိုမှုများရှိသော်လည်း နုတ်ထွက်ခဲ့ကြောင်း၊ ယခုအခါ ထိုသို့ နုတ်ထွက်လိုသည့်နိုင်ငံများလည်း ရှိလာသည်ဟုယုံကြည်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိဖြစ်ပွားနေသော ပထဝီနိုင်ငံရေးအရ တင်းမာမှုများ၊ ကုန်သွယ်ရေးအငြင်းပွား မှုများနှင့် ပုံစံပျက်ပြားနေသည့်စက်မှုလုပ်ငန်းမူဝါဒတို့က စီးပွားရေးမျှော်မှန်းချက် များကိုရှုပ်ထွေးစေနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က သတိပေးထား သည်။

အနောက်အုပ်စုသည် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေးစတင် သည့် ၂၀၂၂ ခုနှစ်မှစ၍ ရုရှားအပေါ် ပိတ်ဆို့မှုများစွာချမှတ်ထားသည်။

ယင်းကဲ့သို့သော ပိတ်ဆို့မှုများသည်  ရေရှည်တွင် ကမ္ဘာ့စီးပွားရေးကိုသာ ထိခိုက် စေမည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က  ပြောထားသည်။