စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေး

 

စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေး

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် ခိုင်မာသည့် ဈေးကွက်ရှိပြီး ဖြစ်ကြောင်း၊ နိုင်ငံစားရေရိက္ခာကို အထောက်အကူပြုစေနိုင်သကဲ့သို့ ပြည်ပသို့ ပို့ကုန်များ ပိုမိုတင်ပို့နိုင်သောကြောင့် ပြည်ပဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးတတ်နိုင်သည့်လုပ်ငန်းရှင်များအနေဖြင့် သေချာသည့် လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း}}ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၇ ရက်နေ့ကကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၄)သို့  တက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ငွေကြေးတတ်နိုင်သူများအနေဖြင့်   စီးပွားရေးလုပ်ဆောင်ရာတွင် အကျိုးအမြတ်  မြိုးမြိုးမြက်မြက်ရသည့် လုပ်ငန်းများကိုသာ အားသန်ကြသည်။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။   ထိုသို့ဆောင်ရွက်ကြမှသာ  နိုင်ငံ့စီးပွားရေးအတွက်  အထောက်အကူပြုမည့်အပြင်  ပုဂ္ဂလိကအကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်သည်။ ငွေကြေးတတ်နိုင်သူများ အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ တိုက်တွန်းချက်ကို  အလေးအနက်ထားကာ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများတွင်  ရင်းနှီးမြှုပ်နှံခြင်းဖြင့်  အများအကျိုးဆောင်ကိုယ့်အကျိုးအောင် ဆိုသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆီထွက်သီးနှံများကို ပိုမိုအောင်မြင်အောင် စိုက်ပျိုးကြရမည်ဖြစ်သည်။ မိုးစပါးစိုက်ပျိုး ပြီးစီးသည့်အချိန်တွင် လယ်မြေဧက လေးသန်း

ခန့်မှ နေကြာစိုက်ပျိုး၍ရသည့်မြေနေရာများတွင် နေကြာကိုစိုက်ပျိုးမည်ဆိုပါက  ပြည်တွင်းဆီဖူလုံမှုကို အထောက်အကူပြုမည်ဖြစ်သည်။ ဆီထွက်သီးနှံများဖြစ်သည့်  နေကြာ၊ မြေပဲ၊ နှမ်းတို့အပြင် ပဲပုပ်မှလည်း ဆီထုတ်လုပ်၍ရသည့်အတွက်  ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုများကို   တိုးတက်အောင်ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ သာမက  ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်သည်။ နေ့စဉ်ဟင်းချက်ရာတွင် မပါမဖြစ်သည့် ကြက်သွန်နီနှင့်ကြက်သွန်ဖြူသီးနှံများစိုက်ပျိုးရေးကိုလည်း အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များ တိုးတက်လာမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်  စိုက်ဧကများတိုးချဲ့ခြင်းထက် ရှိပြီးသား စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးချရန်လိုအပ်သည်။  မွေးမြူရေးလုပ်ငန်းများတွင်  အသားစားကြက်၊ ဥစားကြက်၊ အသားစားနွား၊ နို့စားနွား၊ အသားတိုးဝက်နှင့် ဆိတ်မွေးမြူရေး လုပ်ငန်းများသည်လည်း အမြတ်အစွန်းရသည့်  လုပ်ငန်းများဖြစ်သည်။   ထိုလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဆိုပါက လုပ်ငန်းရှင်များ၏အကျိုးစီးပွား မြင့်မားလာမည်ဖြစ်သကဲ့သို့  နိုင်ငံ့စီးပွားရေးသည်လည်း မြင့်မားလာမည် ဖြစ်သည်။  အဆိုပါလုပ်ငန်းများတွင်  ငွေကြေးတတ်နိုင်သူများက ပါဝင်လုပ်ကိုင်မည်ဆိုပါက အချိုပေါ် သကာလောင်းသကဲ့သို့ ပိုမိုအောင်မြင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇွန်လ ၁၅ ရက်မှ ၁၆ ရက်အထိ မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်ခရီးစဉ်အတွင်း မိတ္ထီလာခရိုင်အတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်း များနှင့် ဒေသထုတ်ကုန်လုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။   မိတ္ထီလာ-သာစည်လမ်းရှိ ဦးမြဟန်ဆိတ်နှင့်သိုးများမွေးမြူရေးလုပ်ငန်းသို့ရောက်ရှိရာ လုပ်ငန်းရှင်ကဆိတ်နှင့် သိုးများမွေးမြူထားရှိမှု၊ ဒေသထွက်ကုန်များဖြစ်သည့်ဝါစေ့ခွံ၊ ဆီးခွံ၊ ပဲနောက်၊ ပဲတီစိမ်းဖတ်များ၊  မြေပဲရိုးများဖြင့် စပ်စာကျွေးမွေးလျက်ရှိမှု၊ ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိမှု၊ လုပ်ငန်းလည်ပတ်နေမှုများကို လိုက်လံရှင်းလင်းတင်ပြသည်။

ထို့နောက်  ဆူးဖြူခက်ကျေးရွာရှိ GARDEN  FAMILY ဆိတ်မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင် ဦးမောင်မြင့်က လုပ်ငန်းလည်ပတ်လျက်ရှိသည့် အခြေအနေများ၊ ဂျိတ်နီဆိတ်မျိုးနှင့် ထိန်စန်းဆိတ်မျိုးများ မွေးမြူထားရှိမှု၊ အစာကျွေးမွေးမှုစနစ်များနှင့် နေဗီယာမြက်စိုက်ခင်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တောမကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံသို့ရောက်ရှိရာ လုပ်ငန်းရှင် ဦးခင်မောင်ဝင်းက လုပ်ငန်းဆောင်ရွက်မှု၊ နို့စားနွားများ၊ နွားသားပေါက်များ မွေးမြူထားရှိမှုနှင့်  နေ့စဉ်နို့ထုတ်လုပ်ရရှိမှု အခြေအနေများ၊ နို့ချက်စက်ရုံနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

အထက်ပါ လုပ်ငန်းများ၏ အောင်မြင်တိုးတက်မှုများကို ဇွန်လ ၁၅ ရက်နေ့ည ရုပ်မြင်သံကြားများတွင် ပြသပေးခဲ့သည်။ နိုင်ငံတစ်ဝန်းလုံးရှိ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏စိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လုပ်ငန်းရှင်များ လိုအပ်သည့်ငွေကြေး၊  နည်းပညာများကို ကူညီပံ့ပိုးပေးထားပြီး ဖြစ်သည်။  လုပ်ငန်းများ အောင်မြင်သည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့်  သေချာသည့်စီးပွားဖြစ်လုပ်ငန်းများ ဖြစ်သော  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။