အမေရိကန်၏ လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်ရန် တောင်ကိုရီးယားသို့ ရောက်ရှိ

 

အမေရိကန်၏ လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်ရန် တောင်ကိုရီးယားသို့ ရောက်ရှိ

 

အမေရိကန်ရေတပ်မှ  လေယာဉ်တင်သင်္ဘောတစ်စင်းသည် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်   ဇွန်လ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့  ရောက်ရှိလာကြောင်း သိရသည်။

အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုစဗဲ့သည် ဘူဆန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး   ယခုလနှောင်းပိုင်းတွင် အိမ်ရှင် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်သွားမည်ဟု ရေတပ်အရာရှိများက ပြောသည်။

အဆိုပါ သုံးနိုင်ငံမှ ခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ်    သြဂုတ်လတွင်တွေ့ဆုံစဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို    နှစ်စဉ်လုပ်ဆောင်သွားမည်ဟု သဘောတူထားသည်။

ယခုလုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်ခန်းကို Freedom Edge ဟု အမည်ပေးထားပြီး   ထိုစစ်ရေး လေ့ကျင့်ခန်းတွင် သုံးနိုင်ငံစလုံးမှ ရေတပ်များ ပါဝင်သွားမည်ဖြစ်သည်။

လေ့ကျင့်ခန်းများတွင်  ရေငုပ်သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေး၊ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်း များလည်း ပါဝင်မည်ဖြစ်သည်ဟု     အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ခရစ္စတိုဗာအလက်ဇန်းဒါးက ပြောသည်။

ယခုစစ်ရေးလေ့ကျင့်ခန်းကို လုပ်ရသည့် ရည်ရွယ်ချက်မှာ ရေတပ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေး၊    မည်သည့်အခြေအနေမျိုးတွင်မဆို အတူလက်တွဲ ဆောင်ရွက်နိုင်စွမ်း တိုးတက်စေရေးတို့ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း အဆိုပါ သုံးနိုင်ငံသည် ပူးတွဲရေတပ်ဒုံးကျည်ကာကွယ်ရေးလေ့ကျင့်ခန်းများနှင့်     ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေ့ကျင့်ခန်းများကို လုပ်ဆောင်ထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံသို့သွားကာ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ကို    လက်မှတ်ထိုးပြီးနောက် အမေရိကန် လေယာဉ်တင်သင်္ဘောက တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ရုရှားသမ္မတ၏ မြောက်ကိုရီးယား ခရီးစဉ်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည့်အပြင်    အရေးပါသော ကာကွယ်ရေးသဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး နိုင်ခဲ့သောကြောင့် နိုင်ငံတကာ၏ စောင့်ကြည့်မှု အခံရဆုံးခရီးစဉ် ဖြစ်လာကြောင်း သိရသည်။ 

 Ref: RTA