ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ  သန့်ရှင်းသာယာလှပပြီး ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ  သန့်ရှင်းသာယာလှပပြီး ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်

 

ရန်ကုန်  ဇူလိုင်  ၂

    ကမ္ဘာ့အမွေအနှစ်    စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပပြီး ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ   ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ရွှေဆံတော်၊ ဓမ္မရာဇက၊ ထီးလိုမင်းလို၊ မြစေတီ၊ မနူဟာ၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ စူဠာမဏိ၊ ပြသာဒ်ကြီး၊ သိကြားပုန်း၊ ပံ့သကူမဟာထေရ် စသည့် ရှေးဟောင်းဘုရား ၁၁ ဆူတွင် မတ်လ ပထမပတ်က မိုးကြိုးလွှဲများ    တပ်ဆင်မှုပြီးစီးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုဒေသ   ပရိဝုဏ်အတွင်း၌   သန့်ရှင်းသာယာ လှပစေရန် ချုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အမှိုက်ကန်ကြီးများနှင့်   အမှိုက်ပုံးများ ထားရှိခြင်းတို့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့်   ဆောင်ရွက်လျက်ရှိရာ လာမည့်ပွင့်လင်းရာသီတွင် ပုဂံယဉ်ကျေးမှု ဒေသ၏အလှနှင့် သန့်ရှင်းသာယာလှပမှုကို ပိုမိုပေါ်လွင်စွာ တွေ့မြင်လာရမည်ဖြစ်ကြောင်း သိရသည်။ 

“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသကို နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှု နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ပွင့်လင်းရာသီမှာ   ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်တဲ့အခါ အဆင်ပြေအောင် ရွှေဆံတော်၊ မင်းနန်သူ၊ စူဠာမဏိ၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ ဓမ္မရာဇကဘုရားအပါအဝင် အထင်ကရဘုရား၊ စေတီတွေကိုသွားတဲ့လမ်းတွေကို ပြုပြင်တာ၊ ရေနုတ်မြောင်းတွေ ဆယ်တာ၊ ရေဆင်းပိုက်လိုင်းကြီးတွေ  တပ်ဆင်တာ၊ ရှေးဟောင်းရေကန်တွေ တူးဖော်တာနဲ့ လမ်းတွေပြုပြင်ဖာထေးတာ စတဲ့လုပ်ငန်းတွေကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရဲ့အလှဟာ ပိုပြီးပေါ်လွင်လာမှာဖြစ်တဲ့အတွက် ခရီးသွားတွေ ပိုမိုဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်”ဟု   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန  (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လေ့လာကြည့်ရှုရာတွင် အဆင်ပြေချောမွေ့စေရန် စူဠာမဏိနှင့် ထီးလိုမင်းလို ဘုရားဝင်းအတွင်း၌   အုတ်၊ သဲကျောက်ပြားတို့ဖြင့် ပတ်လမ်း၊ လျှောက်လမ်းဖော်ဆောင်ခြင်းနှင့် ပတ်လမ်းနှင့် ဘုရားအကြား လစ်လပ်နေ သောနေရာများ ခင်းကျင်းခြင်းလုပ်ငန်းကို  အဆိုပါဘုရားများမှ   တာဝန်ရှိသူများက ဆောင်ရွက်သွားမည်ဖြစ်ပြီး   ရွှေစည်းခုံစေတီတော်မြတ်အား လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူခြင်းနှင့်  လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည်ဆောင်ရွက်ခြင်းနှင့် ရုပ်စုံကျောင်းနှင့် ဦးကြံပေါ်တန်ဆောင်း ပြုပြင်ခြင်းလုပ်ငန်း တို့ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မိုးရာသီ၌ ခရီးသွားဝင်ရောက်မှု နည်းသော် လည်း နေ့စဉ်ခရီးသွားမပြတ် ဝင်ရောက်လျက်ရှိပြီး ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှစတင်၍ ခရီးသွားကဏ္ဍပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက  ခန့်မှန်းထားသည်။

 ရှေးဘိုးဘွားများထားရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ် ဒြပ်ရှိယဉ်ကျေးမှု ရတနာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ကာကွယ်စောင့်ရှောက်သွားရန်နှင့်  အမျိုးသား အမွေအနှစ်မှ တစ်ဆင့် ကမ္ဘာ့အမွေအနှစ်ဒြပ်ရှိ   ယဉ်ကျေးမှုများ ရေရှည်တည်တံ့စေရန် ကြိုးပမ်းဆောင်ရွက် နေကြောင်း သိရသည်။