အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၄)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန် ၂၁
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့အစည်း အဝေးကို ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အခြားနိုင်ငံများနည်းတူ ထိထိရောက်ရောက်နှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို ဆွေးနွေးဖော်ထုတ် အဖြေရှာနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် (၁ ဒသမ ၃) ဘီလီယံဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ(၁ ဒသမ ၅)ထရီလီယံအထိ ရရှိခဲ့သည်ဟု ခန့်မှန်းထား သည့်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်း များအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကိုဗစ်-၁၉မတိုင်မီ အခြေအနေထက် ကျော်လွန်သွားမည့် အလားအလာများကို မြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ ထိုသို့ ရလဒ်ကောင်းများထွက်ပေါ်စေသည့် အဓိကအကြောင်းအချက်များမှာ ပြင်းပြသည့် ခရီးသွားလိုအား (travel demand) ဆက်လက်တိုးတက်ဖြစ်ပေါ်နေမှု၊ လေကြောင်းဆက်သွယ်ရေး ပိုမိုတိုးတက်လာမှုနှင့် ဗီဇာအစရှိသည့် ဝင်/ထွက်သွားလာမှု လွယ်ကူချောမွေ့စေရန် ဖြေလျှော့ပေးမှုများကြောင့်ဟု သိရှိရပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈) သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ၂ သိန်း ၃ သောင်း ကျော်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲတိုးတက် ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (ပထမငါးလအတွင်း) ပြည်ပခရီး သွားဧည့်သည်ဝင်ရောက်မှုသည် ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ် အလားတူကာလအတွင်း ခရီးသွား ဧည့်သည်ရောက်ရှိမှု ၃ သိန်း ၁ သောင်းကျော်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာခဲ့ပါကြောင်း၊ အဆိုပါတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ကိုဗစ်-၁၉ မတိုင်မီ ဝင်ရောက် ခဲ့သည့် ခရီးသွားဧည့်သည် အရေအတွက်ကို ပြန်လည်ပြည့်မီရေး အဘက်ဘက်က ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးနှင့် ခရီးစဉ်ဒေသများအလိုက် ကောင်းမွန်သည့် ဝန်ဆောင်မှုများကို အဆင့်အတန်း မြင့်မားတိုးတက်လာစေရန်အတွက် ခရီးစဉ်ဒေသများတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ဦးစားပေးဒေသအလိုက် ကျင်းပပေးနေသည်ဟု သိရှိရပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများမှ ဖော်ထုတ်ရရှိချက်များအနက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များဖြင့် ညှိနှိုင်းပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း လိုပါကြောင်း၊ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အလားတူ အလုပ်ရုံဆွေးနွေးပွဲများကို အချိန်အခါအလိုက် အခွင့်အလျဉ်းသင့်သလို ဆက်လက်ကျင်းပပြီး ခရီးစဉ်ဒေသ များစနစ်တကျနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လာမည့် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ပÍ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ကို ရည်ရွယ်ချက် ကောင်းများစွာဖြင့် ကျင်းပမည် ဖြစ်သည့်အတွက် အားလုံးအဆင့်မီမီအင်ပြည့်အားပြည့် ပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံအဆင့်ပွဲတော်ကြီး ဆောင်ရွက်မည့် ကိစ္စရပ်ကို ဗဟိုကော်မတီဝင်များက သိရှိမှတ်သားပြီး လိုအပ်သည့် အစီအမံများ ဆောင်ရွက်သွားရေး၊ ပြည်တွင်းပြည်ပ အားကစားသမားများ၊ ခရီးသွား ဧည့်သည်များ ကြိုတင်သိရှိစေရန် မြှင့်တင်ကြော်ငြာရေးနှင့် လာရောက်ကြည့်ရှုအားပေးရန် ဖိတ်ခေါ်ရေးတို့ကို မျှော်မှန်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်များပြား လာစေရေးအတွက် ဈေးကွက်ရှာဖွေ မြှင့်တင်ရေး နည်းလမ်းကောင်းများကို ရှာဖွေဖော်ထုတ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာ အသုံးချရန်၊ ခရီးသွားဧည့်သည်များ ငွေပေးချေမှုတွင် Online အသုံးပြုပြီး Cashless Payment စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်၊ MSME လုပ်ငန်းများ အပါအဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် Ease of Doing Business လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူအဆင်ပြေစေရန်ကိုလည်း ကာလရှည်ရည်မှန်းချက်တစ်ခုအဖြစ် ချမှတ်ဆောင်ရွက်သွားရန်၊ ဒေသထွက် အစားအသောက်များနှင့် တိုင်းရင်းသားရိုးရာအစား အစာများ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဒေသခံများနှင့်လက်တွဲ၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်၊ လက်ရှိတွင် အဓိကခရီးစဉ်ဒေသများကို ဝင်/ထွက်သွားလာရာတွင် အချက်အချာကျသည့် ကျိုင်းတုံ၊ ပုသိမ်၊ တာချီလိတ် စသည့်မြို့များရှိ လေဆိပ်များအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် လေကြောင်းခရီးစဉ်နှင့် ပြည်ပခရီးသွားများ ဝင်ရောက်လာနိုင်ရေး၊ ခရီးသွားအေဂျင်စီများ အပါအဝင် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ခရီးသည်ပိုမိုလာရောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ အဓိကခရီးသွားဈေးကွက်ဝင် နိုင်ငံများနှင့် အလားအလာရှိသည့် နိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုရရှိရန် ပြည်ဝင်ဗီဇာလွယ်ကူရေးလုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် မိမိတို့၏ ဗဟိုကော်မတီအနေဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးသွား ဧည့်သည်များ အကြားတွင် နိုင်ငံတကာခရီးစဉ် ဒေသတစ်ခုအဖြစ် အဆင့်မြှင့်တင်ရေး၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရှာဖွေပေးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဒေသခံတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး စသည်တို့ကို ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် အားလုံး ညှိနှိုင်းပေါင်းစပ်ပြီး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ပြီးစီးမှု၊ ခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးပြင်ဆင်ဖွဲ့စည်းမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီကိုးခုတို့မှဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ အစားထိုးပြင်ဆင်ဖွဲ့စည်းမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ညွှန်ကြားချက်များကို ဆောင်ရွက်ရန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ဒေသတွင်း မြို့/ခရိုင်များ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားခွင့်ပြုရန်၊ ထူးခြားဖြစ်စဉ်များ အသိပေးရန်၊ ဧည့်သည် စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS)အား မပျက်မကွက် အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် အသုံးပြုခြင်းမရှိပါက အရေးယူဆောင်ရွက်သွားရန်၊ လုပ်ငန်းလိုင်စင်ရယူခြင်းမရှိဘဲ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား အခကြေးငွေဖြင့် တည်းခိုနေထိုင်နိုင်ရေး ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအား အရေးယူ ဆောင်ရွက်ရန်နှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်သည့် ကမ်းခြေ ခရီးစဉ်ဒေသများအဖြစ်သတ်မှတ်နိုင်ရန် အခြေအနေတို့ကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။