နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်အတွင်း ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြ အခမ်းအနားကျင်းပ
နေပြည်တော် ဇွန် ၂၁
နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်အတွင်း ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် နည်းပညာတက္ကသိုလ်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်၊ နေပြည်တော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာစိုးလင်းအောင်က ဘေးအန္တရာယ် ကျရောက်ပါက ဘေးကင်းဇုန်သို့ ကျောင်းသား၊ ကျောင်းသူများ ရွှေ့ပြောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေး သဏ္ဌာန်တူဇာတ် တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်းအကြောင်း အချက်ပေးခြင်း နှင့်အတူ ကျောင်းသား၊ ကျောင်းသူများက ဝပ်၊ ကာ၊ ကိုင်ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှုငြိမ်သက်ပါက အဆောက်အအုံနှင့်လွတ်ကင်းရာ ကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များက ဆေးဝါးကုသမှုသရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။