အမျိုးသားနိုင်ငံရေး တာဝန်ကျေပွန်စွာ ထမ်းဆောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် မိတ္ထီလာတပ်နယ်တွင် တာဝန်ထမ်းဆောင်ရသည့် အရာရှိ၊ စစ်သည်များ နှင့် မိသားစုများအနေဖြင့် ထူးခြားသည့် သမိုင်းကြောင်း အခြေအနေများ၊ အခြေခံကောင်းများကို ပိုင်ဆိုင် ထားသည့်ဒေသတွင် တာဝန်ထမ်းဆောင်နေကြရခြင်း ဖြစ်ကြောင်း၊ မိတ္ထီလာတပ်နယ်တွင် လက်ရုံးတပ်များ ပြည့်စုံစွာတည်ရှိပြီး သမိုင်းကြောင်း အစဉ်အလာကောင်းသည့် တပ်နယ်တစ်ခုဖြစ်သဖြင့် အရာရှိ၊ စစ်သည် များအနေဖြင့် ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်သည် မရှိမဖြစ်ရှိနေရမည့်အရာဖြစ်သည်။ နိုင်ငံတော်ကိုကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခြေအနေ များမှာ တူညီမှုရှိမည် မဟုတ်ပေ။ နယ်ချဲ့နိုင်ငံများ၊ ကိုလိုနီပြုခြင်း ခံခဲ့ရသည့် နိုင်ငံများနှင့် ကိုလိုနီပြုခြင်းမခံ ခဲ့ရသည့်နိုင်ငံများ စသည်ဖြင့် အမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံသည် ကိုလိုနီပြုခြင်း ခံခဲ့ရသည့်နိုင်ငံများတွင် ပါဝင်သည်။ ကိုလိုနီအဖြစ် ကျရောက်ခဲ့ရသော အကြောင်းရင်းများစွာ ရှိသည့်အနက် တပ်မတော်အင်အားမရှိ၍ ကိုလိုနီဖြစ်ရခြင်းမှာလည်း အကြောင်းတစ်ချက်ဖြစ်သည်။ ယနေ့တည်ရှိနေသော တပ်မတော်သည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာသည့်တပ်မတော် ဖြစ်သည်။
တပ်မတော်သားတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများဖြင့် တပ်မတော်သို့ ဝင်ရောက်လာကြသူများ ဖြစ်ကြသည်။ တပ်မတော်သို့ ဝင်ရောက်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှတိုက်တွန်းခြင်းကြောင့် မဟုတ်သည်မှာ တပ်မတော်သားအားလုံးအသိပင် ဖြစ်သည်။ နိုင်ငံတော်ကို ချစ်သည့်စိတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုပင် စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုထားကြသူများ ဖြစ်သည်။
တပ်မတော်သားအဖြစ်သို့ ရောက်ရှိကြသည်နှင့် အထက်ကပေးအပ်သောအမိန့်နှင့်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရင်း မိမိတို့၏ ဘဝတိုးတက်လမ်းကိုလည်း မျှော်မှန်းကြိုးစား ဆောင်ရွက်လျက်ရှိကြသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်သားတစ်ဦးချင်းစီအလိုက် ရှိရမည့် အရည်အချင်းများနှင့် တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများ ရှိနေကြရမည် ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် တစ်ဦးချင်း ကျန်းမာကြံ့ခိုင်မှုရှိနေရမည် ဖြစ်သည်။ ကျန်းမာအောင်နေပါ၊ သန် စွမ်းအောင် လေ့ကျင့်ပါဆိုသည့် စစ်သည်တော်ကျင့်ဝတ်အတိုင်း သင့်တင့်လျောက်ပတ်သည့် ကိုယ်ခန္ဓာ သွင်ပြင်နှင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရေးအတွက်လည်း ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ပုံစံနှင့်ကိုယ်လက် လှုပ်ရှားမှုရှိရမည်။ အသက်အရွယ်အလိုက် လုပ်သင့်လုပ်ထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှု ရှိစေရေးအတွက် လေ့ကျင့်ခန်းများကို လုပ်ဆောင်နေကြရမည် ဖြစ်သည်။
ကိုယ်ကာယကြံ့ခိုင်မှုကို လုပ်ဆောင်နေသကဲ့သို့ စိတ်ခွန်အားကြံ့ခိုင်နေစေရေးကိုလည်း လုပ်ဆောင်ကြရပေမည်။ စိတ်ခွန်အားဆိုသည်မှာ ပညာများ ဖြည့်ဆည်းခြင်းဖြစ်သည်။ မိတ္ထီလာဒေသတွင် ပညာရေးနှင့် ပတ်သက်၍ အခွင့်အလမ်းကောင်းများစွာ ရှိနေသည်။ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအနေဖြင့် သားသမီးများ၏ ပညာရေးကို အားပေးဆောင်ရွက်ကြရမည် ဖြစ်သည်။ အခြေခံပညာမှစ၍ အဆင့်မြင့်ပညာအထိ တစ်နေရာတည်းတွင် သင်ယူနိုင်မည့် အခွင့်အလမ်းကို အမိအရ အသုံးချနိုင်ရမည်ဖြစ်သည်။ မိဘတိုင်းအနေဖြင့် သားသမီးတို့ အားပေးနိုင်သည့်အမွေမှာ ပညာအမွေသာဖြစ်သည်။ ပညာကို တတ်မြောက်အောင်၊ ဆုံးခန်းတိုင်အောင် မိမိတို့သားသမီးများ သင်ယူစေခြင်းသည် ပညာအမွေပေးခြင်း ဖြစ်သည်။ ပညာအမွေပေးခြင်းတွင် ပညာရေးကို အားပေးသကဲ့သို့ စာပေဖတ်မှတ်သည့် အလေ့အကျင့်ကောင်းကို ပြုလုပ်ပေးရမည်။
စာပေပညာနှင့် အသိပညာ မရှိပါက ဖြတ်သန်းရမည့် ဘဝတစ်လျှောက်တွင် အခက်အခဲများနှင့် ကြုံတွေ့ကြရမည်ဖြစ်သည်။ ရေအသက်တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်၊ ပညာအသက်ဘဝတစ်သက် ဖြစ်၍ ဘဝတစ်လျှောက်လုံးပညာကို ဖြည့်ဆည်းနေကြရမည် ဖြစ်သည်။ စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့်၊ ယဉ်ကျေးသိမ်မွေ့သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ပေါက်လာမည် ဖြစ်သည်။ စာပေဖတ်ရှုလေ့လာခြင်းမှ ရရှိလာသည့် အသိဉာဏ်အလင်းသည် ဘဝတိုးတက်မှု အတွက်များစွာ အထောက်အပံ့ဖြစ်စေသည်။ တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုများ၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိသည်။
တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်ပေါ်ပေါက်လာခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တိုင်းပြည်တွင် အခက်အခဲနှင့်ကြုံတိုင်း တပ်မတော်က ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပေးရသည်။ တပ်မတော်သားများသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေသူများ၊ အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည့်အပြင် ခေတ်အဆက်ဆက် နိုင်ငံတော်၏သမိုင်းကို မှန်မှန်ကန်ကန် သိရှိနေကြပြီးဖြစ်သည်။ ထိုသို့နိုင်ငံ၏ သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိထားခြင်း ကြောင့်လည်း မိမိတို့၏ အမျိုးသားနိုင်ငံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း ဖြစ်ပါကြောင်း။ ။