မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

 

မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

 

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ   ကျန်းမာရေးဆေးခန်း၌ ဇူလိုင်လ ၁ ရက်နံနက်ပိုင်းတွင် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်(၄) ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော  ရိုတာကာကွယ်ဆေး တိုက်ကျွေးခြင်း၊   ကိုယ်ဝန်ဆောင်မိခင်များအား  မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ကြသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို လစဉ် လဆန်း ၁ ရက်မှစ၍ ပုံမှန်အတိုင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေးဆေးခန်းမှ သားဖွားဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်  မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဇူလိုင်လ ၁ ရက်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာစေရန်အတွက် လစဉ်ဆုံဆို့နဲ့ မေးခိုင်ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးပါတယ်။ ကျန်းမာရေးစစ်ဆေးမှု အနေနဲ့ ကိုယ်ဝန်စမ်းသပ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊  ကိုယ်အလေး

ချိန်ချိန်ခြင်းတို့ဆောင်ရွက်ပြီး  အနေအထိုင်၊ အစားအစာမှန်ကန်စေရန် အသိပညာပေးလျက် ရှိပါတယ်”ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စစ်ဆေးပေးခြင်းတို့  ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Dates: 
Wednesday, July 3, 2024 - 13:24