ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၊ ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၁)၏ အနောက်ဘက်ရှိ သတ်မှတ်နေရာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဦးစီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်သည် လူသန်းပေါင်းများစွာအတွက် လိုအပ်သော အစားအစာ၊ အသုံးအဆောင်များ၊ သစ်တောထွက်ပစ္စည်းအမျိုးမျိုးတို့ကို ထောက်ပံ့ပေးနေပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ကိုစုပ်ယူသိုလှောင် ဖယ်ရှားပေးခြင်း၊ ရေနှင့်လေကိုသန့်စင်ပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ်အဆင့်ဆင့် ဖြစ်ပေါ်စေခြင်း စသည့်ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့ပြင် ငါးသယံဇာတ ထိန်းသိမ်းခြင်းနှင့် ငါးမျိုးရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှု မဖြစ်စေရန်အတွက် ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကိုလည်း စိုက်ထည့်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ရတနာတန်းဝင် ကျွန်းပင်ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ရတနာ တန်းဝင်ကျွန်းပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ နှင့်အတူ ငါးသားပေါက်များကို ဝန်ကြီးဌာန အနောက်ဘက်ရှိ ရေကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး(UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathurနှင့်အဖွဲ့အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) တို့အကြား လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့့် UNOPSတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။