လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် တက်ရောက်နေသူများအား ပညာသင်ထောက်ပံ့ကြေးငွေများပေးအပ်
နေပြည်တော် ဇွန် ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား၊ သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းသား၊ သမီး ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မူလတန်းအဆင့် ကျောင်းသား ၇၀၀ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား ၂၅၁ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ၁၇၀ ဦး၊ တက္ကသိုလ်တက်ရောက်သူ ၃၆၂ ဦး၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးဖြင့် အောင်မြင်သူလေးဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၁ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၅၀၈ ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ဝန်ထမ်းမိသားစုများ၏ သား၊ သမီးများ ပညာရေးအခြေခံ ကောင်းမွန်စေရန်အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် လိုအပ်သည့် အသိပညာတိုးတက်ရရှိရေးအတွက် စာဖတ်သည့် အလေ့အကျင့် မွေးမြူကြရန်နှင့် စာဖတ်အားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုနိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးများဖြင့် အောင်မြင်သူလေးဦး၊ ရိုးရိုးအောင်မြင်သူ၂၁ ဦး အပါအဝင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်မည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၅၀၈ ဦးအတွက် ငွေကျပ် ၂၁၇၅၂၀၀၀၊ ကျောင်းသုံးဗလာစာအုပ် တန်ဖိုးငွေကျပ် ၉၇၄၇၈၂၄ ဒသမ ၂၂ စုစုပေါင်းငွေကျပ် ၃၁၄၉၉၈၂၄ ဒသမ ၂၂ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။