စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

 

စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

 

နေပြည်တော် ဇွန် ၂၁

 

စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ စက်မှုဝန်ကြီးဌာနနှင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး စက်မှုဝန်ကြီးဌာနရှိ စက်ရုံမှူးများ၊ စိုက်ကွင်းစိုက်ခြံ တာဝန်ခံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများနှင့် စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual စနစ်ဖြင့်  တက်ရောက်ကြသည်။

ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ  အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့တာဝန်ထမ်း ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ယခုလို ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊  ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေး ကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။