ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကျင်းပ

 

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကျင်းပ

 

ရန်ကုန်  ဇူလိုင်  ၂

     ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာ သဒ္ဓါတရားထက်သန်စွာ  လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့် အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၇)ကြိမ်မြောက်  ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁  နာရီတွင်  ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ  အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ  အလှည့်ကျသဘာပတိ ဦးသောင်းစိန်ဦးနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး  ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊   အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊   ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက်ပဓာန နာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး   ရေစက်ချအနုမောဒနာ တရားနာယူကြသည်။

ယနေ့ကျင်းပသော အလှူငွေပေးအပ် လှူဒါန်းပွဲတွင်  ၂၀၂၄  ခုနှစ်  မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ  ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင်၂၇ ဦးက ခြောက်ကျပ်သား ရွှေပြားလေးချပ်၊   သုံးကျပ်သား  ရွှေပြား တစ်ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၂၇ ချပ် စုစုပေါင်း ရွှေစင်ရွှေပြား ၃၂ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၁၃၀ ဦးအပါအဝင် လှူဒါန်းငွေ စုစုပေါင်း ၁၉၄၁၄၈၉၉၉၀ ကျပ် ဖြစ်ကြောင်း  သိရသည်။