နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများလာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

 

နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများလာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော် ဇန်နဝါရီ ၁၀

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ နတ်သံကွင်းရဲစခန်းအား အကြမ်း ဖက်သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ တောင်ငူ တပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ/စစ်သည်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က ဂုဏ်ပြုအမှာစကားပြာကြားပြီး နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မ တော်သား အရာရှိ၊စစ်သည်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ အရာရှိ၊ စစ်သည် နှစ်ဦးကလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ် ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် အဖွဲ့ဝင်များ သည် အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ် ဆက်ခဲ့ကြပြီး ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှရရှိခဲ့သည့် လက်နက်၊ ခဲယမ်း များအား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက် သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား နယ်မြေခံတပ်မတော်ထောက်ပံ့နှင့် ပို့ဆောင်ရေး ကျောင်း ဘုရင့်နောင်ခန်းမ၌  ဂုဏ်ပြုနေ့လယ်စာ‌ဖြင့် ဧည်ခံကျွေးမွေးခဲ့ကြသည်။

 တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ် ရှိ ပဲနွယ်ကုန်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်သွယ်ထားသော (၁၇)မိုင်ရှည်လျားသည့် လမ်းကြောင်းပေါ်မှ စစ်တောင်းမြစ်အား ဖြတ်ကူးသော နတ်သံကွင်းတံတား အရှေ့ ခြမ်း/အနောက်ခြမ်းတို့ရှိ လုံခြုံရေးအဖွဲ့များနှင့် နတ်သံကွင်းမြို့တွင်းရှိ မြို့နယ်ရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ အခြေပြုနေထိုင်သည့် နတ်သံကွင်းရဲစခန်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များမှ ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး သွေးတိုးစမ်း ချောင်းမြောင်းပစ်ခတ်ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး အဖွဲ့ ငယ်များအား စနိုက်ပါဖြင့် လှည့်စားနှောင့်ယှက်ပစ်ခတ်ခြင်းနှင့် နတ်သံကွင်းရွာဝန်း ကျင်၌ ၎င်းတို့အင်အားတိုးမြှင့်ချထား၍ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ရိက္ခာ ဖြတ် တောက် ပိတ်ဆို့ခြင်းတို့ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်မှစ၍ အကြမ်းဖက် ပူးပေါင်းအင်အား ၂၀၀ ဦးခန့်ဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်ထိ ၁၃ ရက် တိုင်တိုင် စခန်းပတ်လည်နေရာတို့မှ ထိန်းချုပ်၍ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ဆောင်ရွက်သော်လည်း စခန်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက်ခဲ့မှု၊ လိုအပ်သည့် ရိက္ခာနှင့် ခဲယမ်းများအား လေကြောင်းမှ ပို့ဆောင်ပေးနိုင်ခဲ့မှု၊ ထိရောက်သည့် စစ်ကူ၊ ပစ်ကူများ ပေးနိုင်ခဲ့မှုတို့ကြောင့် အကြမ်းဖက်သမားများသည် ဇန်နဝါရီ ၇ ရက် ညနေ ပိုင်းတွင် အထိနာစွာဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့ထံမှ လက်နက်၊ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နတ်သံကွင်းမြို့တွင်း နှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ၏ လူမဆန်စွာ ဖျက်ဆီးမီးရှို့ခြင်း ဆောင်ရွက်ခဲ့သည့် မြို့တွင်းရှိ လူနေအဆောက်အအုံများ၊ အစိုးရရုံးများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ အဖွဲ့အစည်းပိုင် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးနေခြင်း တို့အား တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး  နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအနေဖြင့် နတ်သံကွင်း ဒေသအတွင်း  အကြမ်းဖက်သမားများစိုးမိုးမှုမရှိစေရေး နှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေး လုပ်ငန်းများအား ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။