မန်စီးတီးအသင်းနှင့် ပြန်လည်ပူးပေါင်းလျှင် အနာဂတ်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဒီဘရိုင်းပြော

 

မန်စီးတီးအသင်းနှင့် ပြန်လည်ပူးပေါင်းလျှင် အနာဂတ်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဒီဘရိုင်းပြော

 

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်း က   မန်စီးတီးအသင်းနှင့်   ပြန်လည်ပူးပေါင်းလျှင် အနာဂတ်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်းသည်  ၂၀၁၅ ခုနှစ်က  ဝုဖ်ဘတ်အသင်းမှ   မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  အကောင်းဆုံး ကွင်းလယ်ကစားသမားများမှ  တစ်ဦးအပါအဝင်ဖြစ်သည်။

ဒီဘရိုင်းသည်  မန်စီးတီးအသင်း  နောက်ပိုင်းနှစ်များတွင် ထိပ်တန်းအသင်းတစ်သင်း အဖြစ်ရပ်တည်ပြီး ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ကာ လက်ရှိအသင်းနှင့် စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့သည်။

ဒီဘရိုင်းသည်  နောက်ပိုင်းဘောလုံးရာသီများတွင်    ဒဏ်ရာပြဿနာများ မကြာခဏရရှိနေသည့် အတွက်   မန်စီးတီးအသင်းက   လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် သင့်တော်သည့်ပြောင်းရွှေ့ ကြေးရရှိပါက ရောင်းချဖွယ်ရှိနေပြီး ၎င်း၏နေရာတွင် လူငယ်ကစားသမား တစ်ဦးနှင့် အစားထိုးရန်ပြင်ဆင်နေသည်။

ဒီဘရိုင်းက “ကျွန်တော်  အားလပ်ရက်တွေမှာ  အပြည့်အဝ အနားယူမှာပါ။   အားလပ်ရက်ပြီးရင်တော့  မန်စီးတီးအသင်းနဲ့ ပြန်လည်ပူးပေါင်းမှာပါ။

အသင်းနဲ့ပြန်လည် ပူးပေါင်းပြီးရင်တော့ အနာဂတ်အတွက်   ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ” ဟုပြောသည်။

ဒီဘရိုင်းသည် မန်စီးတီးအသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း  ၃၈၂  ပွဲအထိ ပါဝင်ကစားခဲ့ကာ  သွင်းဂိုး ၁၀၂ ဂိုးအထိ သွင်းယူထားသည်။

လက်ရှိတွင် မန်စီးတီးအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် ဒီဘရိုင်းကို ဆော်ဒီလိဂ်နှင့် မေဂျာလိဂ်တို့မှ  ကလပ်အသင်းများက  ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရသည်။