မကွေးတိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင် ရေနံမြေငါးခုမှ တစ်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၄ဝဝ ကျော် ထွက်ရှိခဲ့

မကွေး   နိုဝင်ဘာ   ၂၈

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံပိုင် ရေနံမြေဒေသငါးခုမှ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂ဝ ပြည့်နှစ် စက်တင် ဘာလ အထိ တစ်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၄ဝဝ ကျော်ထွက်ရှိခဲ့ ကြောင်း  မကွေးတိုင်းဒေသကြီး  စီမံကိန်း၊  ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မန်းရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေ၊ ချောက်/ လမ်းရွာ ရေနံမြေ၊ ကျောက်ခွက် - လက်ပံတို - အရာတော်ရေနံ မြေ၊ စပယ်/သာကြီးတောင်ရေနံမြေ၊ ထန်း ကိုင်းရေနံမြေဒေသ ခုနစ်ခုရှိပြီး ရေနံချောင်း ရေနံမြေနှင့်ထန်းကိုင်းရေနံ‌မြေတို့မှ သဘာဝ ဓာတ်ငွေ့ထုတ်ယူခြင်း မရှိကြောင်း သိရသည်။

''မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံပိုင် ရေနံမြေများမှရေနံစိမ်းအပြင် သဘာဝဓာတ် ငွေ့ကိုလည်း  တူးဖော် ထုတ်လုပ် နေပါတယ်။

သဘာဝဓာတ်ငွေ့ကို မန်းရေနံမြေ၊ ထောက်ရှာပင်/ကမ်းနီရေနံမြေ၊ ချောက်ရေနံမြေ၊ ကျောက်ခွက်-လက်ပံတို-အရာတော် ရေနံ မြေ၊ စပယ်-သာကြီးတောင်ရေနံမြေဒေသ ငါးခုမှသာ တူးဖော်ထုတ်လုပ်တာဖြစ်တယ်။ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလကနေ ၂ဝ၂ဝ ခုနှစ် စက်တင်ဘာလအထိ  ရေနံမြေဒေသ ငါးခုက သဘာဝဓာတ်ငွေ့ကို ကုဗပေသန်း ပေါင်း ၃၄၈ဝ ဒသမ ၅၅၂ သန်းထုတ်လုပ် နိုင်ခဲ့ပါတယ်''ဟု ဝန်ကြီးဦးဇော်မင်းက ပြောသည်။

အဆိုပါထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ကို ကျောက်ခွက်-လက်ပံတိုရေနံမြေမှ အရာတော်ရေနံမြေထိ ပိုက်လိုင်း ဆွဲပြီး ပို့ကြောင်း၊ အရာတော်ရေနံမြေကလည်း   သဘာဝ ဓာတ်ငွေ့ထွက်ကြောင်း၊ အရာတော်ရေနံမြေ ကနေ ဧရာဝတီမြစ်ကို ပိုက်လိုင်းဆွဲပြီး လမ်းရွာရေနံမြေကိုပို့ပြီး လမ်းရွာရေနံမြေကနေ ချောက်ရေနံမြေကို ပိုက်လိုင်းနဲ့ ပို့ကြောင်း၊ ချောက်ရေနံမြေကနေ စလေဓာတ်မြေသြဇာ စက်ရုံနဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်အထိ ပိုက်လိုင်းနဲ့ ပို့ကြောင်း၊ ထို့ပြင်  ထောက်ရှာပင်/ကမ်းနီရေနံမြေကထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို သံပုရာကန် ရေနံချက်စက်ရုံ (မင်းလှ)သို့ ပိုက်လိုင်းဖြင့် ပို့ပြီး မလွန်မြို့က စက်ရုံများထိ ပိုက်လိုင်း ဆွဲပို့ပေးကြောင်း၊ မန်းရေနံမြေက ထွက်ရှိ သည့် သဘာဝဓာတ်ငွေ့ကို မင်းဘူးမြို့ရှိ သဘာဝဓာတ်ငွေ့ရည်စက်ရုံနှင့်ဂတ်စ်တာ ဘိုင်စက်ရုံ တို့သို့ ပိုက်လိုင်းဖြင့်ပို့ပေးကြောင်း၊ ဒါ့အပြင် ပွင့်ဖြူမြို့နယ်ရှိ အထည်ချုပ်စက်ရုံကို ပိုက်လိုင်းဆွဲကာ ပို့ပေး ကြောင်း ၎င်းက  ဆက်ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင် ရေနံမြေဒေသငါးခုမှ သဘာဝဓာတ်ငွေ့ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဌာနှစ်တွင် ကုဗ ပေသန်း ပေါင်း ၄၅၅၄ ဒသမ ၄၈၈သန်း၊ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဏာနှစ်တွင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၇၃၉ ဒသမ ၆၂ဝ သန်း ထွက်ရှိခဲ့ပြီး၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဏနှစ်တွင်  သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၃၄၈ဝ  ဒသမ ၅၅၂ သန်းထွက်ရှိခဲ့ကြောင်း သိရသည်။

ဘုန်းလကျ်ာ(မင်းဘူး)